ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ဒီဇင်ဘာလူထုအားကစားလ စတုတ္ထပတ်စုပေါင်းလမ်းလျှောက်ပွဲတွင် ပြည်သူများနှင့်အတူပါဝင်ဆင်နွှဲ
ပုသိမ် ဒီဇင်ဘာ ၂၈
တစ်မျိုးသားလုံးကျန်းမာသန်စွမ်းပြီး ကိုယ်လက်ကြံ့ခိုင်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒီဇင်ဘာလအား လူထုလှုပ်ရှား အားကစားလအဖြစ် သတ်မှတ်၍ နှစ်စဉ်နှစ်တိုင်း စုပေါင်းလမ်းလျှောက်ပွဲကို ပြုလုပ်လျှက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင်လည်း စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းက ရွှေရုပ်တုအဝိုင်းရှေ့၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြည်သူများပါဝင်ဆင်နွှဲခဲ့ကြသည်။
ဦးစွာ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းဒေသကြီးဝန်ကြီးချုပ်က သေနတ်ပစ်ဖောက်၍ ဖွင့်လှစ်ပေးပြီးနောက် ရွှေရုပ်တုအဝိုင်းရှေ့မှစတင်၍ မဟာဗန္ဓုလလမ်းမကြီး အတိုင်းတပျော်တပါး စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ကိုးသိန်းအားကစားကွင်းတွင် ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်းများ၊ Physical Fitness dance များအား အတူတကွ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဒီဇင်ဘာလ စတုတ္ထပတ် စုပေါင်းလမ်းလျှောက်ပွဲသို့ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ စုစုပေါင်း(၃၈၀၀)ခန့်က တပျော်တပါး ပါဝင်ဆင်နွှဲခဲ့ကြပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များမှ ဒီဇင်ဘာလ စတုတ္ထပတ် စုပေါင်းလမ်းလျှောက်ပွဲသို့ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ စုစုပေါင်း(၁၇၀၀၀)ကျော် ပါဝင်ဆင်နွှဲခဲ့ကြကြောင်းသိရသည်။