ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း အဋ္ဌမအကြိမ် သူနာပြု-သားဖွားဒီပလိုမာအောင်လက်မှတ်အပ်နှင်းခြင်းအခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်း၌ ပုသိမ်မြို့ ဧရာရွှေဝါခန်းမတွင် ကျင်းပသော အဋ္ဌမအကြိမ် သူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းခြင်းအခမ်းအနား တက်ရောက်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက တိုင်းဒေသကြီးအတွင်းရှိ သူနာပြု-သားဖွား ဒီပလိုမာ သင်တန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးသည့်သင်တန်းများ ဖွင့်လှစ်လျက်ရှိရာအား မိမိတို့အနေဖြင့်အခါအားလျော်စွာ တက်ရောက်အားပေးလျက်ရှိပါကြောင်း၊ သူနာပြု၊ သားဖွား များ၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ဆေးရုံ၊ဆေးခန်းများ၊ ကာကွယ်ရေးထိုးနှံရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသည်ကိုဂုဏ်ယူဖွယ်တွေ့ရှိရပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက်(၉)ရပ်တွင် လူမှုရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် “တစ်မျိုးသားလုံး သက်ရှည် ကျန်းမာကြံ့ခိုင်ရေး အတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍမြှင့်တင်ဆောင်ရေး”ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အရည်အချင်းပြည့်ဝသော သူနာပြု-သားဖွား ဒီပလိုမာ သင်တန်းသား/သူများကို မွေးထုတ်ပေးရေးသည် အရေးကြီးသည့် အခန်းကဏ္ဍအဖြစ် ပါဝင်ကြောင်း၊ ပြည်သူလူထုတစ်ရပ်လုံး အခြေခံကျန်းမာရေး လိုအပ်ချက်များ ပြည့်မှီစေရန်အတွက် နိုင်ငံတော်အစိုးရနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိရာ မိမိတို့အနေဖြင့်လိုအပ်သညများကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သူနာပြု-သားဖွားပညာများကို ခေတ်နှင့်အညီ ရင်ဘောင်တန်းပြီး နိုင်ငံတော်မှ ချီးမြှင့်လမ်းဖွင့်ပေးထားသော သူနာပြုသိပ္ပံဘွဲ့၊ သူနာပြုမဟာသိပ္ပံဘွဲ့၊ သူနာပြုပါရဂူဘွဲ့များကို လက်လှမ်းမှီသ၍ ဆက်လက် ဆည်းပူးသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ သူနာပြု-သားဖွား ဆရာမများ အပါအဝင် ကျန်းမာရေး ဝန်ထမ်းများအနေဖြင့် မိမိတို့တာဝန်ကျသည့် နေရာဒေသများတွင် ပြည်သူများအပေါ်စေတနာ အရင်းခံထားပြီး မိမိ၏သွေးသားရင်းများ သဖွယ် ကိုယ်ချင်းစာစိတ် အပြည့်အဝဖြင့် နွေးထွေးစွာ ပြုစုစောင့်ရှောက်ပေးရန်၊ နိုင်ငံတော်တွင် တွေ့ကြုံရင်ဆိုင်နေရသော ကပ်ရောဂါ နှင့် ကျန်းမာရေးပြဿနာများ၊ တိုးတက်ပြောင်းလဲ လာသော နည်းပညာ၊ နိုင်ငံတော်၏ လူမှုစီးပွားရေး အခြေအနေ ၊ ကျန်းမာရေးလိုအပ်ချက်များနှင့် လိုက်လျောညီထွေရှိပြီး စွမ်းဆောင်ရည် ပြည့်ဝသော သူနာပြု ဆရာ/ဆရာမ ကောင်းများ ဖြစ်လာစေရန် အစွမ်းကုန်ကြိုးစား ဆောင်ရွက်သွားကြစေလိုကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့နောက် သူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ်ရ သင်တန်းသားသင်တန်းသူများနှင့်  ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ အဆိုပါ အဋ္ဌမအကြိမ် သူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းခြင်းအခမ်းအနားတွင် သင်တန်းသားသင်တန်းသူ (၈၆)ဦးအား သူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ်များ အပ်နှင်းပေးခဲ့ကြောင်းသိရသည်။

27-Dec-2024