ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း သဲဖြူနှင့်မဟာမြိုင်တောရ ဆရာတော် ဘဒ္ဒန္တပညာဇောတ၊ သာသနဓဇဓမ္မာစရိယ၊ ကမ္မဋ္ဌာနာစရိယ မဟာထေရ်မြတ်ထံမှ အနုမောဒနာတရားတော်များ နာယူကြည်ညို၊ ဆရာတော် သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများလောင်းလှူ၊ မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တိုးချဲ့တည်ဆောက်ပြီးစီးမှုများ၊ စေတီတော်ကြီး အာရုံခံတန်စောင်း ဆောက်လုပ်နေမှုများနှင့် ကျောက်စီလှိုင်းကာတည်ဆောက်ခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
ပုသိမ် ဒီဇင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ တရားတော်နာပရိတ်သတ်များသည် ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူသော ရှေးဟောင်းသမိုင်းဝင် မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်ဘုရားရင်ပြင်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ သဲဖြူနှင့်မဟာမြိုင်တောရ ဆရာတော် ဘဒ္ဒန္တပညာဇောတ၊ သာသနဓဇဓမ္မာစရိယ၊ ကမ္မဋ္ဌာနာစရိယ မဟာထေရ်မြတ်ထံမှ အနုမောဒနာတရားတော်များ နာယူကြည်ညိုခဲ့ကြပါသည်။
ဆက်လက်၍ သဲဖြူနှင့်မဟာမြိုင်တောရ ဆရာတော်ကြီးနှင့်အတူ တိုင်းဒေသကြီးဝန်ချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများသည် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တိုးချဲ့တည်ဆောက်ပြီးစီးမှုများ၊ စေတီတော်ကြီး အာရုံခံတန်စောင်း ဆောက်လုပ်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်၍ မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ရင်ပြင်တော်တွင် သဲဖြူနှင့်မဟာမြိုင်တောရ ဆရာတော်ကြီး ဘဒ္ဒန္တပညာဇောတ၊ သာသနဓဇဓမ္မာစရိယ၊ ကမ္မဋ္ဌာနာစရိယ မဟာထေရ်မြတ်ထံမှ ပရိတ်တရားနာယူခြင်းနှင့် ဆရာတော် သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများလောင်းလှူပူဇော်ပွဲအား ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် ဘုရားဖူးပြည်သူများ တက်ရောက်ကြည်ညို လောင်းလှူပူဇော်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးထံမှ ပရိတ်တရားတော်များ နာယူကြည်ညိုကြပြီးနောက် ကောင်းမှုကုသိုလ်အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကာ ဆရာတော်ကြီးအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ ဆရာတော် သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများလောင်းလှူပူဇော်ပွဲအားကျင်းပရာ ဆရာတော်ကြီးအမှူးပြုသော မြတ်မော်တင်တောင်ခြေနှင့်အနီးဝန်းကျင်ကျေးရွာများတွင်သီတင်းသုံးတော်မူကြသည့် ရဟန်း၊ သာမဏေ အပါး (၁၇၀)ကျော်အား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ အလှူရှင်များ၊ ဌာနဆိုင်ရာများနှင့် ဘုရားဖူးပြည်သူများမှ ဆွမ်းသပိတ်၊ လှူဖွယ်ပစ္စည်းများနှင့်ဝတ္ထုငွေများလောင်းလှူခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဌာနဆိုင်ရာများ၊ စေတီတော်မြတ်ကြီးဂေါပကအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ "တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများ၊ မြို့၊ ရွာများ သန့်ရှင်းသာယာလှပရေး၊ ပန်းပေါင်းဝေဆာပြီး စိမ်းလန်းစိုပြေသည့် ဒေသများဖြစ်စေရေးအတွက် စဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြတ်မော်တင်စေတီတော်မြတ်ကြီးရင်ပြင်နှင့် ဘေးပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပ၍ စိမ်းလန်းစိုပြေစေရေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လာမည့် မြတ်မော်တင်စွန်း ဘုရားပွဲတော်အား ပိုမိုစည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဘုရားဖူးဧည့်သည်များ များပြားစွာ လာရောက်လည်ပတ်နေပြီဖြစ်သောကြောင့် သန့်ရှင်းမှုကိုအလေးထားဆောင်ရွက်ရန်လိုအပ်ပြီး အမှိုက်များစွန့်ပစ်နိုင်ရန်အတွက် အမှိုက်ပုံးများစနစ်တကျစီစဉ်ထားရှိရမည်ဖြစ်ပါကြောင်း၊ ဆက်လက်ဆောင်ရွက်နေသည့် တည်ဆောက်ရေးလုပ်ငန်းများ မြန်မာမှုလက်ရာများ ကောင်းမွန်သပ်ရပ်မှုရှိစေရေး၊ အရည်အသွေးပြည့်မီစေရေး၊ အချိန်မီပြီးစီးစေရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေးနှင့် လုပ်ငန်းခွင်သန့်ရှင်းသပ်ရပ်မှုရှိစေရေး အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စေတီတော်မြတ်ကြီး၏ သာသနိကအဆောက်အဦများ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် အားလုံးဝိုင်းဝန်းထိမ်းသိမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း" မှာကြားခဲ့ပြီး တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စေတီတော်မြတ်ကြီး၏ တောင်အရပ် အာရုံခံတန်ဆောင်း ၄၅'×၆၀' အမိုးစလပ်လုပ်ငန်း ဆောင်ရွက်နေမှု၊ အရှေ့အရပ် အာရုံခံတန်စောင်း ၄၅'×၆၀' အမိုးစလပ်လုပ်ငန်း ဆောင်ရွက်နေမှု၊ အများသုံး ရေချိုးခန်းနှင့် သန့်စင်ခန်းလုပ်ငန်းဆောင်ရွက်နေမှု၊ ၁၂၁'×၅၇' သာသနာ့ဗိမာန်(၃)ထပ်ကျောင်းဆောင် ဆောက်လုပ်နေမှု၊ ကားပါကင်နှင့် မြေထိန်းနံရံဆောက်လုပ်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများအရည်အသွေးပြည့်မီစေရေးနှင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကျောက်စီလှိုင်းကာတည်ဆောက်ခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက ကျောက်စီလှိုင်းကာ အလျား ၂၀၇ ပေ ဆောင်ရွက်နေမှုအခြေအနေနှင့် ပင်လယ်ရေလှိုင်းရိုက်ခတ်တိုက်စားမှုမှ ကာကွယ်ပေးနိုင်မည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေရှည်တည်တံ့စေရေးအတွက် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရှိရပါသည်။