ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကွန်ပျူတာတက္ကသိုလ်(ပုသိမ်) မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားများတက်ရောက်

ပုသိမ် ဒီဇင်ဘာ ၂၀
၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၊ ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)၏ မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်၏ ဘွဲ့နှင်းသဘင်ခန်းမတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ တက်ရောက်ခဲ့ပြီး ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့သည်။
ဦးစွာ ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)မှ ကျောင်းသား၊ ကျောင်းသူများက“ ဧရာဝတီရဲ့ နှလုံးသား” သီချင်းဖြင့် အခမ်းအနားအား သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ယနေ့ကမ္ဘာတစ်ဝန်းတွင် နိုင်ငံအသီးသီးသည် ဒစ်ဂျစ်တယ်အသွင် ကူးပြောင်း ခြင်း(Digital Transformation) အစီအစဉ်များအား ဦးစားပေး၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် နယ်ပယ်အသီးသီးတွင် Digital Economy ၊ Digital Government ၊ Digital Infrastructure နှင့် Digital Community အစရှိသည့် ဒစ်ဂျစ်တယ်အသွင်သို့ ကူးပြောင်း ဆောင်ရွက်ခြင်းအားဖြင့် ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးကွင်းဆက် (The Global Value Chain) သို့ ချိတ်ဆက်လာနိုင်ကြပြီး တန်ဖိုးမြင့်မားသော အကျိုးရလဒ်များကို ရရှိခဲ့ကြသည်ကို တွေ့မြင်ကြရမည်ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးကို အဓိကလုပ်ဆောင်နေသော တိုင်းဒေသကြီးဖြစ်သဖြင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် အထောက်အကူဖြစ်စေသော နည်းပညာပိုင်းဆိုင်ရာများကို ပံ့ပိုးပေးနိုင်အောင် ကြိုးစားကြရမည် ဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့သည် တက္ကသိုလ်ပညာရပ်များ သင်ယူနေစဉ်ကာလအတွင်း မိမိတို့၏ ကျောင်းတော်ကြီး စိမ်းလန်းစိုပြေရေးနှင့် ပန်းပေါင်းဝေဆာသည့် ကျောင်းတော်ကြီး ဖြစ်အောင် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့အပြင်မောင်တို့မယ်တို့သည် အားကစား၊ စာပေ၊ ဂီတ၊ အနုပညာကဏ္ဍများတွင်လည်း ထူးချွန်ထက်မြက်သူများဖြစ်အောင် ကြိုးစားကြရမည် ဖြစ်ပါကြောင်း၊ ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)မှ တာဝန်ရှိသူများကလည်း ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတော်က အားထားရသော ICT ဆိုင်ရာ အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်အောင် ပြုစုပျိုးထောင်ပေးပါလို့ မှာကြားလိုပါကြောင်း၊ ကျောင်းသူ ကျောင်းသားအားလုံး ဧရာဝတီတိုင်းဒေသကြီး၏ ဖွံဖြိုးတိုးတက်မှုမှသည် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများတွင် ကျရာကဏ္ဍမှ အုတ်တစ်ချပ်၊ သဲတစ်ပွင့်အနေဖြင့် ပါဝင်ထမ်းဆောင် နိုင်သော အသိပညာရှင်၊ အတတ်ပညာရှင်များ ဖြစ်အောင်ကြိုးစားသွားကြရမည်ဖြစ်ပါကြောင်း”အမှာစကားများပြောကြားခဲ့ပြီး ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)အတွက် ဂုဏ်ပြုငွေများ ပေးအပ် ချီးမြှင့်ခဲ့ရာ ဒုတိယ ပါမောက္ခချုပ်က လက်ခံရယူခဲ့သည်။
ထို့နောက် ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)ဒုတိယပါမောက္ခချုပ်က ကြိုဆိုနှုတ်ခွန်းဆက် စကားများပြောကြားပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကွန်ပျူတာ တက္ကသိုလ်(ပုသိမ်)မှ ကျောင်းသား၊ကျောင်းသူများ၏ တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေမှု များကို ကြည့်ရှုအားပေးခဲ့သည်။