ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြမြို့နယ်၊ မဒေါ့ပင်ကျေးရွာ၊ ပညာပျိုးပင်စာကြည့်တိုက်ဖွင့်ပွဲတက်ရောက်

ပုသိမ် ဒီဇင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ မဒေါ့ပင်စံပြကျေးရွာတွင် မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှလှူဒါန်းသည့် သိန်း(၁၅၀)၊ အလှူရှင်မှလှူဒါန်းငွေ(၄၂)သိန်း၊ စုစုပေါင်း ကျပ် (၁၉၂) သိန်း ဖြင့် ဆောက်လုပ်သည့် “ပညာပျိုးပင်” စာကြည့်တိုက်အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနား တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ စာကြည့်တိုက်အဆောက်အဦသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး အမှတ်တရမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ပညာပျိုးပင်”စာကြည့်တိုက် အတွက် စာအုပ်စာစောင်များကိုလည်းကောင်း၊ မဒေါ့ပင်စံပြကျေးရွာ ရွှေပြည်အောင်ကျောင်းတိုက် ဆရာတော်က စာအုပ်စာစောင်၊ ပရိဘောဂနှင့် ဆိုလာပြားများကိုလည်းကောင်း၊ ခရိုင် ကျေးလက် ဒေသဖွံ့ဖြိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးက ITနှင့် ဆက်စပ်ပစ္စည်းများကို လည်းကောင်း ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး စာကြည့်တိုက်အား ရေရှည်တည်တံ့အောင်ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရေး၊ စာကြည့်တိုက် အတွက် သုတ၊ ရသစာအုပ်စာပေများစုံလင်စွာထားရှိရေးနှင့် ကျေးလက်နေပြည်သူများအတွက် အဓိကလိုအပ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်သက်ဆိုင်သည့် စာအုပ်စာစောင်များကိုလည်း ပြည့်စုံစွာထားရှိရေး၊ မှတ်တမ်းများစနစ်တကျထားရှိစေရေးတို့ကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။