ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ခရစ်ယာန်ဂိုဏ်းပေါင်းစုံမိဿဟာရအဖွဲ့ ဝတ်ပြုကိုးကွယ်ခြင်းအခမ်းအနားတက်ရောက်

ပုသိမ်        ဒီဇင်ဘာ       ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံမိဿဟာရအဖွဲ့ သခင်ယေရှု ခရစ်တော်ဘုရား၏ မွေးနေ့တော်အကြို ဝတ်ပြုကိုးကွယ်ခြင်းကို ယနေ့နံနက်ပိုင်းက မြန်မာနှစ်ခြင်း ခရစ်ယာန်အသင်းတော်တွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများတက်ရောက်ခဲ့ကြသည်။

ဦးစွာ သဘာပတိက အစီအစဉ်ဖွင့်လှစ်ကြောင်း ကြေငြာခြင်း၊ ပဏာမကျမ်းဖတ်ကြားခြင်း၊ ကောင်းကြီးမင်္ဂလာတောင်းခံခြင်းများ ပြုလုပ်ခဲ့ပြီးနောက် ပရိသတ်အားလုံးက ဓမ္မသီချင်း ကျူးဧခြင်းများဆောင်ရွက်ခဲ့ကြသည်။ ယင်းနောက် သိက္ခာတော်ရဆရာနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခြင်းနှင့်မိတ်ဆက်ခြင်း၊ ဂုဏ်တော်ချီးမွမ်းကျူးဧခြင်း၊ သမ္မာကျမ်းစာဖတ်ကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။ထို့နောက် ခရစ်ယာန်များအတွက် ခရစ်စမတ်နှုတ်ခွန်းဆက်စကားအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်းကောင်း၊ ခရစ်စမတ်ဓမ္မဒေသနာကို ဂိုဏ်းအုပ်ဆရာတော်ကလည်းကောင်း ပြောကြားခဲ့ကာ ခရစ်စမတ်ဆုတောင်းမေတ္တာပို့သခြင်း၊ ကျေးဇူးတင်စကားပြောကြားခြင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား ခရစ်စမတ်လက်ဆောင်များပေးအပ်ခြင်း၊ ဓမ္မ သီချင်းဧကျူးခြင်းနှင့် ကောင်းကြီးပေးခြင်းများဆောင်ရွက်ခဲ့ကြသည်။

17-Dec-2024