ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်သည့်လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောသွင်းအားစုများပေးအပ်ပွဲ အခမ်းအနားတက်ရောက်

ပုသိမ် ဒီဇင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မရဲ့အုန်းပင်စုကျေးရွာရှိ စက်မှုလယ်ယာစံပြ စနစ်ကျလယ်ယာမြေဧက(၁၀၀) တွင် ဒုတိယသီးနှံ ကွင်းပိတ်စိုက်ပျိုးပွဲတက်ရောက်ခဲ့ပြီး နွေစပါးနယူးဧရာ(၁)စပ်မျိုးစပါး ပျိုးထောင်၍ ကောက်စိုက်သမများနှင့်စနစ်တကျစိုက်ပျိုးခြင်း၊ လက်စွဲ ကောက်စိုက်စက်၊ ကောက်စိုက်စက်ဖြင့် စနစ်တကျစိုက်ပျိုးခြင်း၊ ( Seeder) စနစ်ဖြင့် စနစ်တကျစိုက်ပျိုးခြင်းများကိုကြည့်ရှုအားပေးခဲ့ပြီး မြေဆီလွှာဖွံ့ဖြိုးတိုးတက်ကောင်းမွန်ရန် စပါးခွံမြေဆွေးနှင့် ဓါတ်မြေဩဇာအချိုးကျ ရောစပ်၍ စုပေါင်း မြေဩဇာကြဲပတ် နေမှုများနှင့် ဆိုလာစနစ်ဖြင့်စိုက်ပျိုးရေတင်သွင်းဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
တောင်သူများအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ မရဲ့အုန်းပင်စုကျေးရွာသည် စံပြကျေးရွာအဖြစ်တည်ရှိပြီး စနစ်ကျလယ်ယာမြေဖော်ထုတ်၍ စနစ်တကျစိုက်ပျိုးခြင်းများ ဆောင်ရွက်ခဲ့သည့်အတွက်လည်း ဒေသဖွံ့ဖြိုးအသီးအပွင့်များကိုခံစားနေကြရမည်ဖြစ်ပါကြောင်း၊ စနစ်ကျလယ်ယာမြေတွင် ကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက်၊ မျိုးစေ့ချစိုက်နည်းစနစ် (Seeder)စသည့် ခေတ်မီစိုက်နည်းစနစ်များဖြင့် ယှဉ်ပြိုင်စမ်းသပ်စိုက်ပျိုးထားပြီးဖြစ်ပါကြောင်းနှင့် ကြဲခင်းစနစ်များေလျှာ့ချစိုက်ပျိုးနိုင်ရေးနှင့် သီးထပ်စွမ်းအား၊ သီးနှံစိုက်စွမ်းအားများပိုမိုတိုးတက်အောင်ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း၊ စားသုံးဆီဖူလုံစေရေးအတွက် တစ်နှစ်ပတ်လုံးဆီထွက်သီးနှံစိုက်ပျိုးထွက်ရှိနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး စနစ်ကျဧက ၁၀၀တွင် တတိယသီးနှံအဖြစ် နွေနှမ်းစိုက်ပျိုးနိုင်ရေးမျှော်မှန်းဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ သီးနှံများပန်းတိုင်အထွက်နှုန်းရှောက်ရှိရန် မျိုး၊ မြေ၊ ရေ၊ နည်း စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ရေတော်မိုးတော်စိုက်ဧက (၂၇)သိန်းကျော်အား သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) များအပြည့်အဝထည့်သွင်း စိုက်ပျိုးဆောင်ရွက်လျက်ရှိပါကြောင်းနှင့် စနစ်တကျမြေခံထည့်သွင်းခြင်း၊ မြေဩဇာအချိုးကျထည့်သွင်းသုံးစွဲခြင်းများကိုလည်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ စနစ်ကျလယ်ယာမြေများဖော်ထုတ်၍ စိုက်ပျိုးခြင်းများသည် တောင်သူများအတွက် များစွာအကျိုးရှိပါကြောင်း၊ စိုက်ပျိုးသီးနှံများအထွက်နှုန်းတိုးတက် စေ ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံ ငွေဖြင့် သွင်းအားစုများ ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ စိုက်ပျိုးသီးနှံများအထွက်နှုန်းတိုးတက် စေရေး၊ ပန်းတိုင်အထွက်နှုန်း ရောက်ရှိ ရေး၊ သီးထပ်စွမ်းအားတိုးတက်စေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်ကြပ်မတ် ဆောင်ရွက်လျက်ရှိရာ လိုက်ပါဆောင်ရွက်ပေးကြသည့် တောင်သူကြီးများကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် တိုင်းဒေသကြီး၏ စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုတိုတက်စေရေး ဌာနဆိုင်ရာများ၊ တောင်သူများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း” အမှာစကားပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမိုးမင်းနိုင်နှင့် တာဝန်ရှိသူများက နွေစပါးစိုက်ဧက(၅၀၀)အတွက် တောင်သူ(၂၂)ဦးတို့အား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် သွင်းအားစုများ ပေးအပ်ခဲ့ရာ တောင်သူဦးတင်အောင်သန်းမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက လိုအပ်သည်များကိုတင်ပြဆောင်ရွက်ကြရန်၊ နည်းပညာများကိုလည်း စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများမှ ကွင်းဆင်းပေါင်းစပ်ဆောင်ရွက်ကြရန်နှင့် တိုင်းဒေသကြီး၏ စိုက်ပျိုးရေးလုပ်ငန်းများတိုးတက်အောင်မြင်စေရေး၊ သီးထပ်စွမ်းအားတိုးတက်စေရေး၊ ပန်းတိုင်အထွက်နှုန်းရရှိစေရေးနှင့် ထုတ်ကုန်များတိုးမြှင့်ထုတ်လုပ်နိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန် နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မရဲ့အုန်းပင်စုကျေးရွာရှိ ၂၀၂၄-၂၀၂၅ တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့်ဆောင်ရွက်သည့် (၂၂၀) ကေဗွီအေ ထရန်စဖော်မာ တည်ဆောက်တပ်ဆင်နိုင်ရေးဆောင်ရွက်နေမှုများကိုကြည့်ရှုစစ်ဆေးခဲ့ပြီး လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး၊ သတ်မှတ်ကာလအတွင်းပြီးစီးစေရေးမှာကြားခဲ့သည်။ ထို့နောက် တောင်သူဦးတင်အောင်သန်း၏ (၁.၅၀)ဧကတွင် နှမ်းစံပြကွက် (ပဒေသာမျိုး)စိုက်ပျိုးထားရှိမှုနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန (မြောင်းမြ)မှ ၁၅လက်မ×၄လက်မစိုက်စနစ်ဖြင့် ဒေသနှင့် သင့်တော်သော နှမ်းမျိုးများသရုပ်ပြစမ်းသပ်ခြင်းအား ကြည့်ရှုအားပေးခဲ့ပြီး အောင်မြင်အောင်ဆောင်ရွက် စေရေးနှင့် ဒေသနှင့်ကိုက်ညီသည့်နှမ်းမျိုးများပေါ်ထွက်လာစေရေး ကြိုးစားဆောင်ရွက်ရန်မှာကြားခဲ့သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ဖျာပုံခရိုင် ဇင်းဘောင်ရိပ်သာတွင် ဖျာပုံခရိုင်အတွင်း စိုက်ပျိုးသီးနှံများ အောင်းမြင်ဖြစ်ထွန်းစေရေး တူးမြောင်းများ၊ ရေနုတ်မြောင်းများ တူးဖော်ဆောင်ရွက်နေမှုများအား မေးမြန်းရာ ဖျာပုံခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇေယျာတင့်က ဖျာပုံမြို့နယ် ကြက်ဖမွေးဇောင်းကျွန်းပတ်တာ အတွင်း နွေသီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေးဆောင်ရွက်လျက်ရှိသောအခြေအနေများ၊ အောင်ချမ်းသာရေတံခါးတည်ဆောက်လျက်ရှိသည့်အခြေအနေများ၊ ဂေးဂု-အဇုတ်ကြီးမြောင်းတူးဖော်ဆောင်ရွက်လျက်ရှိသည့်အခြေအနေများနှင့် ဖျာပုံခရိုင်အတွင်း မိုးရာသီရေကြီးနစ်မြုပ်မှုလျော့ချနိုင်ရေးဆောင်ရွက်ခဲ့သည့် ရေတံခါးအဝင်အထွက်မြောင်းတူးဖော်ခြင်းလုပ်ငန်းများအား မြေပုံများ၊ မှတ်တမ်းဓါတ်ပုံများဖြင့်ရှင်းလင်းတင်ပြခဲ့ပြီး နွေသီးနှံများစိုက်ပျိုးဖြစ်ထွန်းအောင်မြင်စေရေး အဓိကလိုအပ်သည့် စိုက်ပျိုးရေရရှိစေရန် အလေးထားဆောင်ရွက်ကြရန်နှင့် တောင်သူများကလည်း တိုးချဲ့စိုက်ဧကများအပေါ် အကျိုးရှိစွာစိုက်ပျိုးနိုင်ရေးမှာကြားခဲ့သည်။