ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒီဇင်ဘာလူထုအားကစားလ ဒုတိယပတ်စုပေါင်းလမ်းလျှောက်ပွဲတွင် ပြည်သူများနှင့်အတူပါဝင်ဆင်နွှဲ

ပုသိမ်     ဒီဇင်ဘာ        ၁၄

တစ်မျိုးသားလုံးကျန်းမာသန်စွမ်းပြီး ကိုယ်လက်ကြံ့ခိုင်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒီဇင်ဘာလအား လူထုလှုပ်ရှား အားကစားလအဖြစ် သတ်မှတ်၍ နှစ်စဉ်နှစ်တိုင်း  စုပေါင်းလမ်းလျှောက်ပွဲကို ပြုလုပ်လျှက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌လည်း စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းက ရွှေရုပ်တုအဝိုင်းရှေ့၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြည်သူများပါဝင်ဆင်နွှဲခဲ့ကြသည်။

ဦးစွာ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းဒေသကြီးဝန်ကြီးချုပ်က သေနတ်ပစ်ဖောက်၍ ဖွင့်လှစ်ပေးပြီးနောက် ရွှေရုပ်တုအဝိုင်းရှေ့မှစတင်၍ မဟာဗန္ဓုလလမ်းမကြီး အတိုင်းတပျော်တပါး စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ကိုးသိန်းအားကစားကွင်းတွင် ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်းများ၊ Physical  Fitness dance များအား အတူတကွ စုပေါင်းဆောင်ရွက် ခဲ့ကြသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဒီဇင်ဘာလ ဒုတိယပတ် စုပေါင်းလမ်းလျှောက်ပွဲသို့ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား(၄၀၀၀)ကျော်နှင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များမှ စုစုပေါင်းအင်အား (၁၇၀၀၀) ကျော် တပျော်တပါး ပါဝင်ဆင်နွှဲခဲ့ကြကြောင်းသိရသည်။ 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်  မြို့နယ်၊ မြို့၊ ရပ်ကွက် ကျေးရွာများအတွင်း သန့်ရှင်းသာယာစေရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ပြည်သူများ စုပေါင်းသန့်ရှင်းရေးဆောင်နေမှုများအားလိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်တက္ကသိုလ်အတွင်းရှိ သပြေဆောင်၊ ယုဇနဆောင်၊ မဥ္ဇူဆောင်များတွင် အဆောင်နေကျောင်းသူများစုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကြည့်ရှုအား ပေးခဲ့ပြီး  အဆောင်ပတ်ဝန်းကျင်သန့်ရှင်းမှုရှိစေရေး၊ ပန်းအလှအပင်များ စနစ်တကျစိုက်ပျိုးစေရေး၊ လျှပ်စစ်မီးကြိုးများ၊ ဖုန်းကြိုးများစနစ်တကျသွယ်တန်းထားရှိစေရေး မှာကြားခဲ့သည်။ ဆက်လက်၍ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း ဆရာဆရာမများ၊ ပညာေရးဝန်ထမ်းများက ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသ ယာစေရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှု၊ ပုသိမ်စက်မှုဇုန်ဝန်းအတွင်းရှိလမ်းများတွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် စက်ရုံဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုနှင့် ပုသိမ်ပညာရေးဒီဂရီကောလိပ်အတွင်း ဆရာဆရာမများကျောင်းသားကျောင်းသူများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး  စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းတို့ကို အပတ်စဉ်ဆောင်ရွက်ခြင်းများအပြင် နေ့စဉ်သန့်ရှင်းသပ်ရပ်မှုရှိစေရေးကိုလည်း အလေးထားလိုက်နာ ဆောင်ရွက်သွားရန်၊ ပန်းအလှပင်များ စနစ်တကျ စိုက်ပျိုးကြရန်နှင့် မြို့၊ လမ်း၊ ရွာ၊ ကျောင်းသန့်ရှင်းသာယာလှပစေရေး အစဉ်တစိုက် ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

14-Dec-2024