ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

ပုသိမ် ဒီဇင်ဘာ ၁၃
၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ လွတ်လပ်ရေးနေ့ကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က "လွတ်လပ်ရေးနေ့အခမ်းအနားသည် နှစ်စဉ် စည်ကားသိုက်မြိုက်စွာကျင်းပသည့် အခမ်းအနားဖြစ်ပါကြောင်း၊ ယခုနှစ်တွင် ဌာနဆိုင်ရာ ပြခန်းများ၊ သစ်သီးဝလံပြပွဲ၊ ပြိုင်ပွဲများ၊ အားကစားပြိုင်ပွဲများ၊ စိုက်ပျိုး၊ မွေးမြူရေးကို အခြေခံသည့် MSME ထုတ်ကုန် ပြပွဲ၊ ပြိုင်ပွဲများအား စည်ကားသိုက်မြိုက်စွာကျင်းပသွားမည် ဖြစ်ပြီး ဆုများလည်း ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ ပြပွဲ၊ ပြိုင်ပွဲများကို လွတ်လပ်ရေး နေ့မတိုင်မှီ ကြိုတင်ယှဉ်ပြိုင်စေပြီး လွတ်လပ်ရေးနေ့တွင် ဆုပေးပွဲကို တစ်ဆက်တည်း ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုံခြုံရေးပိုင်းဆိုင်ရာများကို အလေးထား ဆောင်ရွက်ရန်လိုကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ပြခန်းများနေရာချထားမှုများ၊ ယာဉ်ရပ်နားကွင်း၊ အားကစားပြိုင်ပွဲကျင်းပရာနေရာများနှင့် အခမ်းအနားကျင်းပမည့်နေရာများကို သန့်ရှင်း သပ်ရပ်မှုရှိစေရေး၊ ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် စနစ်တကျပြင်ဆင်ထားရန်လိုအပ်ကြောင်း၊ ယခင်နှစ်များတွင် ကျင်းပခဲ့သောအခမ်းအနားများမှ အားနည်းချက်များကိုပြင်ဆင်ပြီး ယခုနှစ်တွင် အကောင်းဆုံးပြင်ဆင်ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြခန်းများအနေဖြင့် မိမိတို့ဌာနများ၏ လုပ်ငန်းဆောင်ရွက်မှုများကို ပြည်သူများ ထင်သာမြင်သာရှိစေရေး အလေးထားဆောင်ရွက် ကြရန်လိုကြောင်း၊ ပန်းပေါင်းဝေဆာသောမြို့များဖြစ်စေရေးဆောင်ရွက်ထားရှိမှုများ၊ MSME ပြခန်းများတွင် သစ်သီးဝလံများ၊ ဒေသထွက်ကုန်များကို ပြင်ဆင်ပြသကြရန်နှင့် စျေးရောင်းပွဲတော်အား တစ်ပါတည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကော်မတီများအလိုက် မိမိတို့တာဝန်ယူထားသောလုပ်ငန်းများအား အချိန်မှီပြင်ဆင်ပြီးစီးရေး ဆောင်ရွက်ကြရန်နှင့် ကော်မတီဝင်များကလည်း ဆွေးနွေးပေးကြစေလိုကြောင်း" အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် အခမ်းအနားပြင်ဆင်ရေးကော်မတီမှ လွတ်လပ်ရေးနေ့အခမ်းအနား ပြင်ဆင်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များကိုလည်းကောင်း၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးကော်မတီမှ ၂၀၂၅ခုနှစ် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ဆောင်ရွက်မည့် အခြေအနေများကိုလည်းကောင်း၊ ဧည့်ခံကျွေးမွေးရေးလုပ်ငန်းကော်မတီမှ ဆောင်ရွက်မည့်လုပ်ငန်းတာဝန်များနှင့် ဧည့်ခံကျွေးမွေးရေးလုပ်ငန်းကော်မတီဖွဲ့စည်းထားရှိမှုများကိုလည်းကောင်း၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြခန်းများ စီစဉ်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီမှ လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြခန်းများ စီစဉ်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များ၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာန ပြခန်းများ ပြသမည့် ဌာနများစာရင်းများကိုလည်းကောင်းတင်ပြခဲ့ကြပြီး ကော်မတီဝင်များမှ အထွေထွေဆွေးနွေးတင်ပြခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။