ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြန်မာ့ခရီးသွားဘဏ် ပုသိမ်ဘဏ်ခွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်

ပုသိမ်            ဒီဇင်ဘာ         ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင်  မြန်မာ့ခရီးသွားဘဏ် “ပုသိမ်ဘဏ်ခွဲ”ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက Gandamar Ballroom တွင်ပြုလုပ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ မြန်မာ့ခရီးသွားဘဏ် ပုသိမ်ဘဏ်ခွဲကို ယနေ့တွင်ဖွင့်လှစ်နိုင်ခဲ့၍ မင်္ဂလာရှိသည့်နေ့တစ်​နေ့ ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် တည်ငြိမ်အေးချမ်းမှုရှိပြီး ပြည်တွင်း၊ ပြည်ပ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်သည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ တိုင်း​ဒေသကြီးတွင် ချောင်းသာ၊ ​ရွှေ​သောင်ယံ၊ ငွေဆောင်၊ ဂေါ်ရန်ဂျီ စသည့်ကမ်းခြေများ၊ တန်ခိုးကြီး​စေတီပုထိုးများ၊ အထင်ကရ​​နေရာများလည်း များစွာရှိပါကြောင်းနှင့် ခရီးသွားဧည့်သည်များ လည်ပတ်နိုင်​ရေးအတွက် ခရီးစဉ်သစ်များကိုလည်း ဖော်‌ဆောင်လျက်ရှိပါကြောင်း၊ မြန်မာ့ခရီးသွားဘဏ် ပုသိမ်ဘဏ်ခွဲအ​နေဖြင့် တိုင်းဒေသကြီး၏  ခရီးသွားလုပ်ငန်းကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်​ရေးသာမက တိုင်းဒေသကြီး၏ စီးပွား​ရေးလုပ်ငန်းများ၊ MSMEs လုပ်ငန်းများနှင့် သက်ဆိုင်သည့် ဘဏ်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုများကိုလည်း ပေးအပ်သွားမည်ဟုသိရပါကြောင်း၊  တိုင်း​ဒေသကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်နေသည့် ခရိုင်၊ မြို့ကြီးများတွင်လည်း ဖွင့်လှစ်နိုင်ရေးကြိုးစားကြစေလိုကြောင်းနှင့် ​ရေရှည်တည်တံ့ခိုင်မြဲပြီး ​အောင်မြင်သည့် ဘဏ်တစ်ခုဖြစ်ပါ​စေ​ကြောင်း”ဂုဏ်ပြုအမှာစကားပြောကြားသည်။

ထို့နောက် မြန်မာ့ခရီးသွားဘဏ်၏ ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားများနှင့် မြန်မာ့ခရီးသွားဘဏ်၏ အမှုဆောင်အရာရှိချုပ်က မိတ်ဆက်စကားများပြောကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် မြန်မာ့ခရီးသွားဘဏ် Corporate Video Files အားကြည့်ရှုအားပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကာ  မြန်မာ့ခရီးသွားဘဏ်၏ ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့သည်။

12-Dec-2024