ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲ အခမ်းအနားတက်ရောက်

ပုသိမ်      ဒီဇင်ဘာ        ၁၀  

တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ပြုလုပ်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းများကို၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ယခုနှစ်တွင် တိုင်းဒေသကြီးအနေဖြင့် တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေဖြင့် ရပ်ကွက်ကျေးရွာ ၁၈ ရွာ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန(ရုံးချုပ်) ရန်ပုံငွေဖြင့် ကျေးရွာ ၁ ရွာ၊ စုစုပေါင်း ၁၉ ရွာ ရွေးချယ်ဆောင်ရွက်ခဲ့ပါကြောင်း၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ထူထောင်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင် မည်ဖြစ်ပြီး ကျေးလက်နှင့် မြို့ပြနေပြည်သူများ၏ ဝင်ငွေတိုးပွားရေးကို အထောက်အကူဖြစ်စေမည် ဖြစ်ပါကြောင်း၊ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ၀င်ငွေတိုးရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နေကြသည့် ကျေးရွာကော်မတီ ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များသည် မိမိနယ်မြေဒေသဖွံ့ဖြိုးတိုးတက်စေရေး၊ စီမံကိန်း လုပ်ငန်းများအောင်မြင်စေရေး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းအသစ်များ ပေါ်ထွန်းလာစေပြီး စဉ်ဆက်မပြတ်တည်တံ့ခိုင်မြဲစေရေးအတွက် ကြိုးစားဆောင်ရွက်သွားကြရန်မှာကြားလိုပါကြောင်း၊ စီမံကိန်းကျေးရွာများမှ လုပ်ငန်းထူထောင်မည့်သူများအနေဖြင့် အသေးစားစက်မှုလက်မှု လုပ်ငန်းများအောင်မြင်အောင်ဆောင်ရွက်ခြင်းဖြင့် မိသားစုဝင်ငွေတိုးပွားလာပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ပါစေကြောင်း” အမှာစကားပြောကြားသည်။

ထို့နောက်  အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက စီမံကိန်းလုပ်ငန်းများအကြောင်းရှင်းလင်းတင်ပြခဲ့ပြီးနောက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင်၊ ဖျာပုံခရိုင်၊ မအူပင်ခရိုင်၊ မြောင်းမြခရိုင်နှင့် ဟင်္သာတခရိုင်များတွင် ဆောင်ရွက်ခဲ့သော အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်းတွင် အခြေခံနှင့်မွမ်းမံသင်တန်းတက်ရောက်ခဲ့ပြီး ထူးချွန်၍လုပ်ငန်း ထူထောင်မည့်သူများအား လုပ်ငန်းသုံးပစ္စည်းများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တရားသူကြီးချုပ်နှင့်  တာဝန်ရှိသူများကပေးအပ်ခဲ့သည်။ ယင်းနောက် သင်တန်းဆင်း သင်တန်းသားများကိုယ်စား လုပ်ငန်းထူထောင်မည့်သူတစ်ဉီးက ကျေးဇူးတင်စကားများပြောကြား ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြ၍ အခမ်းအနားတွင် ပြသထားသော လုပ်ငန်းသုံးပစ္စည်းများနှင့် ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

10-Dec-2024