တိုင်းဒေသကြီးဝန်ကြီးချုပ် အခြေခံပျားမွေးမြူရေးပညာပေးသင်တန်း ဖွင့်ပွဲအခမ်းအနားများသို့တက်ရောက်

ပုသိမ် နိုဝင်ဘာ ၂၆
တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ပြုလုပ်သည့် အခြေခံပျားမွေးမြူရေးပညာပေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီး၏ ဆီထွက်သီးနှံများစိုက်ပျိုးထုတ်လုပ်ရာတွင် အထွက်တိုးစေရေးနှင့် ဝတ်မှုံကူးခြင်းလုပ်ငန်းတွင် များစွာအထောက်အကူပြုသည့် ပျားမွေးမြူရေးပညာပေးသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ ပျားမွေးမြူရေးသည် နေကြာသီးနှံအတွက် အဓိကလိုအပ်ပြီး သဘာဝပျားများမရှိပါက မွေးမြူရေးပျားများဖြင့် ဝတ်မှုန်ကူးခြင်းကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ စားသုံးဆီဖူလုံရေးအတွက် တိုင်းဒေသကြီးတွင် ဆီထွက်သီးနှံ(မြေပဲ၊နှမ်း၊နေကြာ)အထူးဇုန် နှစ်ခုသတ်မှတ်ထားပြီးလျာထားချက်ပြည့်မီအောင်စိုက်ပျိုးနိုင်ရေးအတွက်လည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆီထွက်သီးနှံဇုန်နှစ်ဇုန်သာမက ဇုန်ပြင်ပများတွင်လည်း လျာထားစိုက်ဧကများ ပြည့်မီအောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပျားဖြင့် ဝတ်မှုံကူးခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအတွင်း အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန်လိုကြောင်း၊ တိုင်းဒေသကြီးအတွင်း စားသုံးဆီ ဖူလုံမှုရှိစေရန်အတွက် ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးလျှက်ရှိပြီး ပန်းတိုင်အထွက်နှုန်း ရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပျားဖြင့်ဝတ်မှုံကူးခြင်းသည် ဆီထွက်သီးနှံ နေကြာ၊ နှမ်းသီးနှံစိုက်ပျိုးရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွက် ပျားမွေးမြူရေးလုပ်ငန်းသည် မဖြစ်မနေလိုအပ်နေပါကြောင်းနှင့် ပျားမွေးမြူရေးသင်တန်းသို့ တက်ရောက်လာသည့် သင်တန်းသားများအနေဖြင့် သင်တန်းမှပို့ချမှုများကို ရအောင်ယူ၍ ဆက်လက်ပြန့်ပွားရေးအတွက်လည်း ဆောင်ရွက်ရန်လိုပါကြောင်း” အမှာစကားများပြောကြားသည်။
ယင်းနောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက အခြေခံပျားမွေးမြူရေးပညာပေးသင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အခြေခံပျားမွေးမြူရေးပညာပေးသင်တန်းတွင် ပြသထားသည့်ပျားမွေးမြူရေးလုပ်ငန်းသုံးပစ္စည်းများနှင့် ပျားပုံးများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း နှင့် အဆိုပါပျားမွေးမြူရေးသင်တန်းအား သင်တန်းသား/သူ (၆၀) ဦးဖြင့် (၂) ရက်ကြာဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။