တိုင်းဒေသကြီးဝန်ကြီးချုပ် (အ.ထ.က) ရေကြည် ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ (၃၈)ကြိမ်မြောက် အာစရိယပူဇော်ပွဲအခမ်းအနားတက်ရောက်

ပုသိမ် နိုဝင်ဘာ ၂၅

တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ရေကြည်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ တေဇာသီရိခန်းမတွင် ပြုလုပ်သည့် (အ.ထ.က)ရေကြည် ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ (၃၈)ကြိမ်မြောက် အာစရိယပူဇော်ပွဲ အခမ်းအနားတက်ရောက်ခဲ့ရာ (၃၈)ကြိမ်မြောက် အာစရိယပူဇော်ပွဲ အခမ်းအနားကို ကျောင်းသား၊ကျောင်းသူဟောင်းနှစ်ဦးက“အိုဘယ့်မြတ်ဆရာ”သီချင်းဖြင့်ပူဇော်သီဆို ဖွင့်လှစ်ခဲ့သည်။

ထို့‌နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ရေကြည်မြို့အခြေခံပညာအထက်တန်းကျောင်း၏ ဆရာကြီး၊ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲကို နှစ်စဉ်နှစ်တိုင်း အမျိုးသားအောင်ပွဲနေ့တွင် ကျင်းပပြုလုပ်ခဲ့သည်မှာ (၃၈)ကြိမ်မြောက် ရှိပြီဖြစ်ပါကြောင်း၊ ဆရာကြီး၊ဆရာမကြီးများအား ကျန်းမာချမ်းသာစွာဖြင့် ပူဇော်ခွင့်ရရှိသဖြင့် ဝမ်းမြောက်ရပါကြောင်း၊ မိမိတို့အနေဖြင့် တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် တက္ကသိုလ်ဝင်တန်းေအာင်ချက်မြင့်မားရေးကြိုးစားဆောင်ရွက်လျက်ရှိရာ ဆရာကြီး၊ဆရာမကြီးများ၏ အကြံပြုချက်များကိုလည်းအလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအာစရိယပူဇော်ကန်တော့ပွဲ ပြုလုပ်သည့် တေဇာသီရိခန်းမဆောင်အား ပြည်ထောင်စုရန်ပုံငွေ၊ တပည့်ဟောင်းများ၏ စုပေါင်းလှူဒါန်းမှုများ၊ စေတနာရှင်ပြည်သူများ၏ လှူဒါန်းမှုများဖြင့် ပြန်လည်မွမ်းမံပြုပြင်ဆောင်ရွက်ခဲ့ပါကြောင်း၊ မိမိတို့တပည့်များအနေဖြင့် ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများ၏ သွန်သင်ဆုံးမမှုအောက်တွင် ကြီးပြင်းခဲ့ရပြီး နိုင်ငံ့တာဝန်များကိုလည်း ထမ်းဆောင်ခွင့်ရခဲ့ပါကြောင်း၊ ဆရာကြီး၊ဆရာမကြီးများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ေရရှည်ဆောင်ရွက်ပေးနိုင်ရေး ကြိုးစားေဆာင်ရွက်လျက်ပါကြောင်း ” ဝမ်းမြောက်နှုတ်ခွန်းဆက်စကားပြောကြားသည်။

ဆက်လက်၍ ကျောင်းသားဟောင်းတစ်ဦးက မေတ္တာရေကြည်မြတ်ဆရာ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အ‌နေဖြင့် အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီးနောက် မေတ္တာရေကြည်မြတ်ဆရာ ကျန်းမာရေးဆေးပဒေသာပင်အတွက် အလှူငွေများနှင့် ဆရာကြီး၊ ဆရာမကြီးများအတွက် အလှူငွေများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ စေတနာရှင်အလှူရှင်များက ပေးအပ်လှူဒါန်းရာ အာစရိယပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ ယင်းနောက် အာစရိယပူဇော်ပွဲသို့ တက်ရောက်လာကြသည့် ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးအဖွဲ့ဝင်ဝန်ကြီးများ၊ ကျောင်းသား၊ ကျောင်းသူဟောင်းများက လှူဖွယ်ပစ္စည်းများဖြင့် လှူဒါန်းပူဇော်ကန်တော့ကြပြီးနောက် ကျောင်းသားဟောင်းတစ်ဦးက ကန်တော့ချိုးဖြင့် ဦးဆောင်တိုင်တည်ကာ ဆရာကြီး၊ ဆရာမကြီးများအား စုပေါင်းပူဇော်ကန်တော့ခဲ့ကြသည်။

ထို့နောက် အပူဇော်ခံဆရာကြီးနှစ်ဦးက ဆုံးမစကားများ၊ ဝမ်းမြောက်ဂုဏ်ယူစကားများပြောကြားခဲ့ပြီးနောက် ကျောင်းသား၊ ကျောင်းသူဟောင်းများ၊ စေတနာရှင်ကုသိုလ်ရှင်များ၏ လှူဒါန်းမှုအစုစုအား ဝမ်းမြောက်သာဓုခေါ်ဆိုရန် ကျောင်းသားဟောင်းတစ်ဦးက တိုင်တည်ပေးခဲ့ပြီး လှူဒါန်းမှုများအတွက် သာဓုခေါ်ဆိုခဲ့ကြသည်။ ယင်းနောက် အာစရိယပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌကကျေးဇူးတင်စကားများ ပြောကြားခဲ့ပြီး “ကျောင်းဆရာ”သီချင်းအား ပြိုင်တူသီဆို၍ အာစရိယပူဇော်ကန်တော့ပွဲအခမ်းအနား ပြီးေမြာက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ကျောင်းသားကျောင်းသူဟောင်းများက ပူဇော်ကန်တော့ခံဆရာကြီးဆရာမကြီးများနှင့်အတူ နေ့လည်စာအတူတကွစားသုံးခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ သင်္ဃန်းဒေါင့်ကျေးရွာအုပ်စု၊ ငါးရံ့ချောင်းကျေးရွာတွင် မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှလှူဒါန်းသည့် သိန်း(၁၅၀) ၊ အလှူရှင်မှလှူဒါန်းငွေ သိန်း(၁၀၀) စုစုပေါင်း သိန်း (၂၅ဝ)ဖြင့်ဆောက်လုပ်သည့် “သူရိယ”စာကြည့်တိုက်အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ တာဝန်ရှိသူများနှင့်အတူ စာကြည့်တိုက်အဆောက်အဦသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး အမှတ်တရမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “သူရိယ” စာကြည့်တိုက်အတွက် အလှူငွေများ၊ စာအုပ်စာစောင်များနှင့် သင်္ဃန်းဒေါင့်ကျေးရွာလမ်း ကျောက်ချောခင်းရန်အတွက် အလှူငွေပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စာကြည့်တိုက်အဆောက်အဦသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကာ စာကြည့်တိုက်အား ရေရှည်တည်တံ့အောင်ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရေး၊ စာကြည့်တိုက်အတွက် သုတ၊ ရသစာအုပ်စာပေများစုံလင်စွာထားရှိရေးနှင့် ကျေးလက်နေပြည်သူများအတွက် အဓိကလိုအပ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်သက်ဆိုင်သည့် စာအုပ်စာစောင်များကိုလည်း ပြည့်စုံစွာထားရှိရေး၊ မှတ်တမ်းများစနစ်တကျထားရှိစေရေးတို့ကို တာဝန်ရှိသူများအား မှာကြားခဲ့ပြီး ဒေသခံများနှင့်တွေ့ဆုံ၍ တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့၊ ပိတောက်ချောင်းဝိုင်း၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းသို့သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး ရင်သွေးငယ်များအတွက် ကျောပိုးအိတ်များနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကာ လိုအပ်သည်များကူညီဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများအားမှာကြားခဲ့ကြောင်းသိရသည်။

25-Nov-2024