တိုင်းဒေသကြီးဝန်ကြီးချုပ် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနား တက်ရောက်

ပုသိမ် နိုဝင်ဘာ ၂၅
၂၀၂၄ခုနှစ်၊ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားကို ပုသိမ်မြို့၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “ဇာတိမာန်”သီချင်းဖြင့် ဂုဏ်ပြုသီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၁၀၄)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားသည်။
ထို့နောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတွင် ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူအား ဆုများချီးမြှင့်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင် ပထမဆုရရှိသူများအားလည်းကောင်း၊ တိုင်းဒေသကြီးတရားသူကြီးချုပ်က မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင် ဒုတိယဆုရရှိသူများအားလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင် တတိယဆုရရှိသူများအားလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။ ယင်းနောက် ပုသိမ်မြို့၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “မြန်မာ့ကျောင်း”သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် ပြသထားသောပြခန်းအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။