တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ရန်ကုန်-ပုသိမ်လမ်းတွင် လမ်းလုပ်ငန်းများ ဆောင်ရွက် ထားရှိမှု အခြေအနေများနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးတက်ရောက်

ပုသိမ် နိုဝင်ဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်သည့် လမ်းလုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေအနေ များနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးတက်ရောက်ခဲ့သည်။

ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်က မိုးရွာသွန်းမှုမရှိတော့သဖြင့် ရန်ကုန်-ပုသိမ် လမ်းပိုင်း အား လူအင်အား၊ စက်ယန္တရားအားများဖြင့် အရှိန်အဟုန်ဖြင့်ပြင်ဆင်ဆောင်ရွက်နိုင်ရေး လမ်းပိုင်း အလိုက် တာဝန်ခံများက ရှင်းလင်းတင်ပြရန်၊ ခရီးသွားရာသီရောက်ရှိလာပြီဖြစ်သဖြင့် လမ်းများ ကောင်းမွန်ရေးနှင့် လမ်းဘေးဝဲယာ သန့်ရှင်းသာယာစေရေး အလေးထားဆောင်ရွက်ရန်၊ ယာဉ်အန္တရာယ်လမ်းအန္တရာယ် ကင်းရှင်းရေးဂရုစိုက်ဆောင်ရွက်ရန်၊ မိုးတွင်းရာသီတွင်ပျက်စီးခဲ့မှု များအား အမြန်ဆုံးပြီးစီးစေရေးဆောင်ရွက်ရန် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးလမ်းဦးစီးဌာန ညွှန်ကြားရေးမှူးက လမ်းဦးစီးဌာန၏ လမ်းစီမံခန့်ခွဲမှုနှင့် လမ်းအမျိုးအစားများ၊ ခရိုင်အလိုက်ပိုင်ဆိုင်သည့် လမ်းအရေအတွက်နှင့် ပြည်ထောင်စု၊ တိုင်းဒေသကြီးလမ်းများ၏ လမ်းအခြေအနေ၊ လမ်းဦးစီးဌာနဖွဲ့စည်းပုံအရ အင်ဂျင်နီယာဝန်ထမ်းအရေအတွက်နှင့် လက်ရှိအင်အား၊ လမ်းပျက်စီးရသည့် အကြောင်းအရင်း များ၊ လမ်းပျက်စီးမှုနှင့် သာယာလှပရေးတို့အတွက် ဆောင်ရွက်ပေးရသည့် လုပ်ငန်းအစီအစဉ်များ၊ ရန်ကုန်-ပုသိမ်(ဧရာဝတီတိုင်းဒေသကြီးအပိုင်း) မိုင်(၁၇/၄-၁၁၃/၂)အထိ ၉၅ မိုင် ၆ဖာလုံအား အဖွဲ့အလိုက် တာဝန်ယူဆောင်ရွက်နေမှုနှင့် လမ်းအခြေအနေများ၊ ရန်ကုန်-ပုသိမ် လမ်းပေါ်တွင် အင်ဂျင်နီယာတာဝန်ချထားမှုနှင့် လုပ်သားဦးရေစာရင်း၊ ရန်ကုန်-ပုသိမ်လမ်းပေါ်တွင် စက်ယာဉ် ယန္တရားခွဲဝေချထားမှုနှင့်အရေအတွက်၊ ပြည်ထောင်စုငွေလုံးငွေရင်း (ဖြည့်စွက်၊ မိုးဒဏ်၊ အထူးပြင်) ရန်ပုံငွေဖြင့်ဆောင်ရွက်ရန် တင်ပြတောင်းခံထားသော လုပ်ငန်းစီမံချက်များနှင့် လမ်းအသုံးပြုရန် အချိန်မီပြီးစီးရေး ဆောင်ရွက်သွားမည့်အစီအမံများအား ရှင်းလင်းတင်ပြပြီး လမ်းအထူးအဖွဲ့(၂၁)၊ မအူပင်ခရိုင်၊ ကျုံပျော်ခရိုင်၊ ပုသိမ်ခရိုင် လမ်းဦးစီးဌာနတာဝန်ရှိသူများနှင့် လမ်းအထူးအဖွဲ့ (၂၀)ရေကြည်တို့မှ ဧရာဝတီတိုင်းဒေသကြီးအတွင်း တာဝန်ယူဆောင်ရွက်နေသည့် လမ်းများ၊ လမ်းပျက်စီးမှုများအား ပြင်ဆင်ထိန်းသိမ်းမည့်အစီအစဉ်၊ ပြည်ထောင်စုငွေလုံးငွေရင်းနှင့် ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေဖြင့်ဆောင်ရွက်သည့် လုပ်ငန်းစီမံချက်နှင့်ပြီးစီးမှု၊ တာဝန်ယူ ဆောင်ရွက်လျက်ရှိသော ရန်ကုန်-ပုသိမ် လမ်းပိုင်းအလိုက် ထားရှိသည့် အင်ဂျင်နီယာများ၊ လုပ်သားအင်အား စာရင်းနှင့်စက်ယန္တရားများ၊ လမ်းပျက်စီးမှုများနှင့် ပြန်လည်ပြင်ဆင်မည့် အစီအမံများ၊ ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေ တင်ပြတောင်းခံထားသည့် လုပ်ငန်းများစာရင်း၊ ရန်ကုန်-ပုသိမ်လမ်းပိုင်းဆိုင်ရာ ပျက်စီးမှုများအား ပြုပြင်ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို ရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့နောက် လမ်းပန်းရေးရာဝန်ကြီးမှ လိုအပ်သည်များဖြည့်စွက်ဆွေးနွေးမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လမ်းပိုင်းအလိုက် အဆင့်မြင့်ကောင်းမွန်စေရေးလိုအပ်ချက်များကို အချိန်မီပြုစု တင်ပြဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်းသိရသည်။

19-Nov-2024