ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ရေကြည်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းတွင် ကျင်းပသည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၊ ပုသိမ်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းကုသမှုများ ကြည့်ရှုအားပေး

ပုသိမ် နိုဝင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့၊ အမှတ်(၁)အခြေခံပညာ အထက် တန်းကျောင်းတွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ မုခ်ဦးဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပြီး ဘင်ခရာအဖွဲ့၊ ပန်းပွားအကအဖွဲ့၊ တိုင်းရင်သားအကအဖွဲ့နှင့် အိုးစည်အဖွဲ့များအား ဆုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ထို့နောက် တေဇာသီရိခန်းမတွင် အခမ်းအနားကို ဆက်လက်ကျင်းပရာ အသုတ်မြို့၊ အခြေခံပညာအ ထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူလေးများက “ အလှဆုံးပန်းများ ပွင့်ကြပြီ” သီချင်းဖြင့်သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးအတွင်း စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို ခရိုင်၊ မြို့နယ်များအလိုက် အခြေခံပညာေကျာင်းများတွင် အခြေခံ၍ ဆောက်ရွက်လာသည်မှာ (၁၆)ကြိမ်မြောက်သို့ရောက်ရှိပြီဖြစ်ပါကြောင်း၊ ကျန်ရှိသည့်မြို့နယ်များတွင်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တစ်ကြိမ်ထက်တစ်ကြိမ်လည်း ပိုမိုပီပြင်စွာ ဆောင်ရွက် လာနိုင်သည်ကို တွေ့ရပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း ရှင်သန်ခိုင်မာနေသည့် စာကြည့်တိုက် (၃၂၄) တိုက် ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက် ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျေးရွာများတွင် စာကြည့်တိုက်များ ထပ်မံဆောက်လုပ် ပေးခြင်း၊ ပြုပြင်မွမ်းမံပေးခြင်းများအပြင် စာကြည့်တိုက်များတွင် အသုံးပြုရန်လိုအပ်သည့် ထောက်ပံ့မှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် ကျေးလက်ဒေသတွင်နေထိုင်သည့် လူဦးရေ ၈၅ % ကျော်ရှိပြီး စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံသည့် လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ကြသူများဖြစ်ပါကြောင်း၊ ကျေးလက်နေပြည်သူများစာပေ အသိပညာ ဗဟုသုတများ တိုးပွားစေရေးအတွက် ကျေးရွာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ေပးခြင်းဖြစ်ပါကြောင်း၊ အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းကဆိုသည့်အတိုင်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စည်းကမ်းစနစ်ကျစွာ ပြုမူနေထိုင်ကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း သန့်ရှင်းသပ်ရပ်၍ စိမ်းလန်းစိုပြေသော ပန်းပေါင်းဝေစာသည့် မြို့ရွာ ဒေသများဖြစ်အောင် ဆောင်ရွက်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့ေကျာင်း သန့်ရှင်းသပ်ရပ်ရေး၊ ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အနာဂတ်တွင် နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များအနေဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး ဗလငါးတန်နှင့်ပြည့်စုံသည့်လူငယ်မောင်မယ်များဖြစ်အောင် ကြိုးစား ကြစေလိုကြောင်း” အမှာစကားများပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖွံဖြိုးဝေဆီ ဧရာဝတီ ဓာတ်ပုံပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသူများအား ဆုများချီးမြှင့်ပေးအပ်ခဲ့ကာ ကျောင်းသား၊ ကျောင်း သူလေးများ၏ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ပညာရေးသင်ထောက်ကူပြခန်း၊ ကလေးစာဖတ်ခန်း၊ ဖွံ့ဖြိုးဝေစည် ဧရာဝတီပြိုင်ပွဲဝင် ဓာတ်ပုံပြခန်း၊ ကြက်ခြေနီပြခန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန စာအုပ်စာစောင်ပြခန်းအစရှိသည့် ပြခန်းများ၊ ကာယ ဉာဏစွမ်းရည်ပြိုင်ပွဲများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့ မင်္ဂလာအောင်သိဒ္ဓိ ဘုန်းတော်ကြီးကျောင်းတွင် ပုသိမ်မြို့ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများမှ ပင်စင်စားနိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား အခမဲ့ ကွင်းဆင်းဆေးကုသနေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး လာရောက်ကုသမှုခံယူသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားများပြောကြားခဲ့ပါသည်။ ထို့နောက် မျက်စိအထူးကု၊ အရေပြားအထူးကု၊ သွားဘက်ဆိုင်ရာအထူးကု၊ အရိုးအကြောအဆစ်အထူးကု၊ နား နှာခေါင်း လည်ချောင်းအထူးကု၊ ကလေးအထူးကု၊ ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေး၊ ခွဲစိတ်အထူးကု၊ အထွေထွေရောဂါကုသမားတော်၊ စိတ်ရောဂါအထူးကုနှင့် သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီးများက ဆေးကုသပေးနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ဆရာဝန်ကြီးများအတွက် ဒေသထွက်လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပါကြောင်းနှင့် ရေကြည်မြို့နယ်အတွင်းပင်စင်စားနိုင်ငံ့ဝန်ထမ်း များနှင့် ဒေသခံပြည်သူ စုစုပေါင်း (၃၅၅)ဦးအား အခမဲ့ဆေးကုသမှုများဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်္ဂလာအောင်သိဒ္ဓိကျောင်းတိုက် ဆရာတော်အား ဖူးမြှော်ကြည်ညို၍ လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခဲ့ကာ သာသနာရေးဆိုင်ရာကိစ္စရပ်များလျှောက်ထားခဲ့ပြီး ဆရာတော်ကြီးအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါသည်။

18-Nov-2024