ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်ကြီးအား ဆီမီးမျှောပူဇော်ပွဲကျင်းပ

ပုသိမ်  နိုဝင်ဘာ   ၁၆

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့်အညီ ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်ကြီးအား ဆီမီးမျှောပူဇော်ပွဲအား ယမန်နေ့ညနေပိုင်းက ပုသိမ်မြို့၊ ကမ်းနားလမ်းရှိ ရေဆင်းတန်ဆောင်း၌ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်​မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ပုသိမ်မြို့ပေါ်ရှိပြည်သူများတက်ရောက်ခဲ့ကြသည်။

ဦးစွာ အခမ်းအနားအား "နမောတဿ" သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ နိဂြောဓာရုံ ညောင်ပင်သာပရိယတ္တိစာသင်တိုက်၏ ပဓာနနာယဆရာတော် ဘဒ္ဒန္တဝိဿုတ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)  မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်၍ ဆရာတော် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူအပ်သော ပရိတ်တရားတော်များကို နာယူကြည်ညိုပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများက ဆရာတော်သံဃာတော် အရှင်သူမြတ်မျာအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဩဝါဒါစရိယ ပုသိမ်မြို့၊ မရမ်းချို ကျောင်းတိုက်၏ ပဓာနနာယကဆရာတော် ဘဒ္ဒန္တသောဘိတ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) မဟာထေရ်မြတ်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရား နာကြား၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ "ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက နဂါးစာကျွေးခြင်းနှင့် ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်ကြီးအား ပင့်ဆောင်ပူေဇာ်ခြင်းများကို ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသော တန်ဆောင်တိုင်ဆီမီးမျှောပူဇော်ပွဲနှင့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များ၊ မြို့ပေါ်ရပ်ကွက်များမှပြည်သူများစုပေါင်း လှူဒါန်းသည့် နိဗ္ဗာန်စျေးပွဲတော်ဖွင့်ပွဲအခမ်းအနားအား ဆက်လက်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်တို့က အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဖွင့်ပွဲအခမ်းအနား အကအဖွဲ့များအား ချီးမြှင့်ငွေများ​ပေးအပ်ခဲ့သည်။ 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များ၊ မြို့ပေါ်ရပ်ကွက်များမှပြည်သူများ၏ နိဗ္ဗာန်ဈေးဖွင့်လှစ်၍ စတုဒီသာကျွေးမွေးနေမှုများအားလည်းကောင်း၊ ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်ကြီးအား ဆီမီး(၁၂၀၀၀)ဖြင့် ငဝန်မြစ်အတွင်းဆီမီးမျှောပူဇော်ခြင်းနှင့် မီးပုံးများလွှတ်တင်ပူဇော်ခြင်းတို့အားလည်းကောင်း ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က ငဝန်မြစ်အတွင်း ဆီမီးမျှောပူဇော်ခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ကမ်းနားလမ်းတစ်လျှောက်တွင် ပြည်သူများပျော်ရွှင်စွာ လာရောက်လည်ပတ်နေမှုများ၊ ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၊ မြို့ေတာ်ခန်းမ၊ နေအိမ်အဆောက်အဦများ၊ ကမ်းနားလမ်းတစ်လျှောက် အလှမီးများထွန်းညှိထားရှိမှုနှင့် ရှုခင်းအလှများအား ရေယာဥ်ဖြင့် လှည့်လည်ကြည့်ရှုခဲ့သည်။

တန်ဆောင်မုန်းလပြည့်နေ့ညတွင် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များ၊ မြို့ပေါ်ရပ်ကွက်များမှပြည်သူများ စုပေါင်း၍ နိဗ္ဗာန်စျေး စတုဒီသာမဏ္ဍပ်(၈၆)ခုဖြင့် စားသောက်ဖွယ်ရာများ ကျွေးမွေးလှူဒါန်းခဲ့ကြပြီး လာရောက်လည်ပတ်သည့်ပြည်သူများ အေးချမ်းပျော်ရွှင်စွာ စိတ်အပန်းဖြေနိုင်ရန်အတွက် မြုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင် တေးသီချင်းများ၊ မြူးမြူးကြွကြွတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်း၊ မီးပုံးများအား ဌာနဆိုင်ရာများနှင့် ပြည်သူများအတူတကွစုပေါင်း၍  ပျော်ရွှင်စွာလွှတ်တင်ခြင်း၊ မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်းများကို စည်ကားသိုက်မြိုက် ပျော်ရွှင်စွာ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

16-Nov-2024