တိုင်းဒေသကြီးဝန်ကြီးချုပ် ဘိုကလေးပညာရေးဒီဂရီကောလိပ်၊ ပညာဂုဏ်ရည်ခန်းမတွင်ပြုလုပ်သည့် ပညာရေးဘွဲ့(B.Ed)စာပေးစာယူသင်တန်း အမှတ်စဉ် (၄/၂၀၂၃) ဒုတိယနှစ် သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနားသို့တက်ရောက်၊ ပဉ္စမအကြိမ်မြောက်အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းသွင်းလေ့ကျင့်နေသည့် ဧရာဝတီတိုင်း​ဒေသကြီး ဖူဆယ်အမျိုးသားအသင်းအား ကြည့်ရှုအားပေး

ပုသိမ်         အောက်တိုဘာ       ၂၉

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဘိုကလေးပညာရေးဒီဂရီကောလိပ်၊ ပညာဂုဏ်ရည်ခန်းမတွင်ပြုလုပ်သည့် ပညာရေးဘွဲ့ (B.Ed)စာပေးစာယူသင်တန်း အမှတ်စဉ်(၄/၂၀၂၃) ဒုတိယနှစ် သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနားသို့တက်ရောက်ခဲ့ရာ သင်တန်းသား၊ သင်တန်းသူများက အခမ်းအနားကို ဘိုက​လေးပညာ​ရေးဒီဂရီ​ကောလိပ်ကျောင်းသီချင်းသီဆို၍ ဖွင့်လှစ်ပေးခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ပညာရေးဘွဲ့ (B.Ed)စာပေးစာယူသင်တန်း အမှတ်စဉ်(၄/၂၀၂၃) ဒုတိယနှစ်သင်တန်းများကို တိုင်းဒေသကြီးအတွင်းရှိ ပုသိမ်၊ မြောင်းမြနှင့် ဘိုကလေးပညာရေး‌ဒီဂရီကောလိပ်တို့တွင် ဖွင့်လှစ်ပို့ချလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် မြင့်မားရေး၊ သိပ္ပံ၊ ဝိပ္ပံ၊ ဝိဇ္ဇာဘာသာရပ်များတွင် ထူးချွန်စွာအောင်မြင်ရေးကိစ္စရပ်များကိုလည်း တက္ကသိုလ်များမှပါမောက္ခများ အခြေခံပညာမှ ဆရာ၊ ဆရာမများနှင့် ပူးပေါင်း၍ ဆွေးနွေးပွဲများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆရာ၊ ဆရာမများသည် ပညာရေးလမ်းခရီးအား တစိုက်မတ်မတ်လျှောက်လှမ်းနေကြသူများဖြစ်သကဲ့သို့ မိမိတို့၏တပည့်များအား ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များဖြစ်လာအောင် ပြုစုပျိုးထောင်ပေးနေကြသူများလည်းဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများအ​နေဖြင့် အခက်အခဲများရှိပါကလည်း တင်ပြကြရန်လို​ကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး၊ ​ကျောင်းနေအရွယ်က​လေးအားလုံး ရာနှုန်းပြည့်​ကျောင်းတက်​ရောက်​စေ​ရေးနှင့် အတန်းစဥ်ကူးပြောင်းမှုများ မကျန်ရှိ​စေ​ရေးအတွက် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ဝိုင်းဝန်းကြိုးပမ်းသွားကြစေလိုကြောင်း” အမှာစကားပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ပညာရေးဘွဲ့(B.Ed)စာပေးစာယူသင်တန်း အမှတ်စဉ်(၄/၂၀၂၃) ဒုတိယနှစ်သင်တန်းသို့တက်ရောက်နေသည့် သင်တန်းသား၊ သင်တန်းသူများက  မြို့နယ်များအလိုက် မိတ်ဆက်တင်ပြခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများ၏ တေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေမှုအား ကြည့်ရှုအားပေးခဲ့သည်။ ဘိုကလေးပညာရေးဒီဂရီကောလိပ်၊ ပညာရေးဘွဲ့(B.Ed) စာပေးစာယူသင်တန်း အမှတ်စဉ်(၄/၂၀၂၃) ဒုတိယနှစ်တွင် သင်တန်းသား၊ သင်တန်းသူစုစု​ပေါင်း (၃၅၈)ဦးတက်​ရောက်လျက်ရှိ​ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖျာပုံခရိုင်၊ ကျိုတ်လတ်မြို့နယ်ရှိ ဖွံ့ဖြိုးအောင်ဖူဆယ်ကွင်းတွင် ပဉ္စမအကြိမ်မြောက်အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းသွင်းလေ့ကျင့်နေသည့် ဧရာဝတီတိုင်း​ဒေသကြီး ဖူဆယ်အမျိုးသားအသင်းအား ကြည့်ရှုအားပေးခဲ့ပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။

29-Oct-2024