တိုင်းဒေသကြီးဝန်ကြီးချုပ် အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်း ပညာသင်တန်းကျောင်း(လပွတ္တာ)သို့သွားရောက်၍ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ် သင်တန်း အမှတ်စဉ်(၉)သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် မိုးစပါးစံကွက်ရိတ်သိမ်းပွဲအခမ်းအနားသို့ တက်ရောက်၊ မြောင်းမြမြို့နယ်၊ တောင်ကလေး ကျေးရွာရှိ ရွှေခြင်္သေ့ရာဘာခြံသို့သွားရောက်ကြည့်ရှု၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းသွင်းလေ့ကျင့်နေသည့် ပြိုင်ပွဲဝင်အားကစားသမားများအား အားပေး
ပုသိမ် အောက်တိုဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း(လပွတ္တာ)သို့သွားရောက်၍ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ် သင်တန်းအမှတ်စဉ်(၉)သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ယခုကဲ့သို့ အိမ်တွင်းမှုကျောင်းများ ဖွင့်လှစ်ပေးထားခြင်းဖြင့်နယ်စပ်ဒေသနှင့် မြေပြန့်ဒေသရှိ တိုင်းရင်းသူများအနေဖြင့်ကိုယ်ပိုင်ယဉ်ကျေးမှုများ၊ ကိုယ်ပိုင်ဝတ်စားဆင်ယင် မှုများ၊ ကိုယ်ပိုင်လက်မှုအတတ်ပညာများဖြင့် မိမိဘဝ၊ မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးကိုလက်တွေ့ ကျကျ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ အဆင့်မြင့်စက်ချုပ်သင်တန်းကို တက်ရောက်ပြီးပါက စက်ရုံအလုပ်ရုံများ၊ ကိုယ်ပိုင် အသက်မွေးလုပ်ငန်းများ လုပ်ကိုင်နိုင်မှာဖြစ်ပြီး မိသားစုအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေများရရှိလာမှာဖြစ်ပါကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာပြီး တစ်ဦးချင်းဝင်ငွေတိုးတက်လာကာ တိုင်းဒေသကြီး၏ GDP ကိုလည်း တိုးတက်လာစေမှာဖြစ်ပါကြောင်း၊ သင်တန်းကရရှိသည့် အသက်မွေးဝမ်းကျောင်းပညာဖြင့် ဗဟုသုတများကို လက်တွေ့ နယ်ပယ်၌ အကျိုးရှိရှိအသုံးချနိုင်ရန်အနာဂတ်ဘဝများ သာယာလှပစေရန်အတွက် ယနေ့မှစ၍ သင်တန်းကာလအတွင်း၌ ဝီရိယထားအပင်ပန်းခံ ကြိုးစားသင်ယူရမည် ဖြစ်ပါကြောင်းနှင့် မိမိတို့ကိုယ်တိုင်လည်း တီထွင်ဆန်းသစ်မှုများကို ဆောင်ရွက်ကြရန်လိုကြောင်း” အမှာစကားပြောကြားခဲ့ပြီး သင်တန်းအတွက် ထောက်ပံ့ငွေများပေးအပ်ရာ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(လပွတ္တာ)မှ တာဝန်ခံကျောင်းအုပ်က လက်ခံရယူခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခင်းကျင်းပြသထားသည့် သင်ထောက်ကူပစ္စည်းများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လပွတ္တာမြို့နယ်၊ မြွေဟောက် ကျေးရွာရှိ တောင်သူဦးမန်းဖြူ၏ လယ်မြေတွင်ပြုလုပ်သည့် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် မိုးစပါးစံကွက်ရိတ်သိမ်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တောင်သူများ အား သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) မျိုးစေ့များ ပေးအပ်ခဲ့သည်။ ထို့နောက် YSR 1 စပါးမျိုး မိုးစပါးစံကွက်ရိတ်သိမ်းနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကာ အိုးစည်အဖွဲ့၊ ကရင်ဒုံးယိမ်းအကအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ အဆိုပါ YSR 1 စပါးမျိုး မိုးစပါးစံကွက်ရိတ်သိမ်းရာတွင် စပါးအခြောက် တစ်ဧကလျှင် (၁၁၉.၇)တင်းနှုန်း ထွက်ရှိခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့နယ်၊ တောင်ကလေး ကျေးရွာရှိ ရွှေခြင်္သေ့ရာဘာခြံသို့သွားရောက်၍ ရာဘာကုန်ကြမ်း ထုတ်လုပ်မှု အဆင့်ဆင့်တို့အား မေးမြန်းခဲ့ပြီး ကုမ္ပဏီမှ တာဝန်ရှိသူများက ရာဘာစိုက်ပျိုးထားရှိမှု၊ နှစ်အလိုက်ရာဘာထွက်ရှိမှု၊ ရာဘာပြားများ ထုတ်လုပ်မှုနှင့် ရောင်းချမှုအခြေအနေများရှင်လင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က စိုက်ဧကများအပြည့်အဝ စိုက်ပျိုးစေနိုင်ရေး၊ ဖြစ်ထွန်းအောင်မြင် အောင်စိုက်ပျိုးရေး၊ ကုန်ကြမ်းအရည်အသွေးများပြည့်မီစေရေး၊ ကုန်ကြမ်းများမှကုန်ချော ထုတ်လုပ်နိုင်သည်အထိနည်းလမ်းများရှာဖွေ၍ ပူးပေါင်းဆောင်ရွက်ကြစေရေး၊ တန်ဖိုးမြင့် ထုတ်ကုန်များထုတ်လုပ်နိုင်ရေးဆောင်ရွက်ရန်နှင့် မိမိတို့အနေဖြင့်လည်း လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး ရာဘာစေးများအား ခဲကန် အတွင်းထည့်သွင်းခြင်း၊ ခဲကန်အတွင်းရှိ အပြားများအားကြိတ်ခြင်း၊ ရေစစ်ခြင်း၊ နေလှမ်းခြင်း၊ မှိုင်းခံခြင်း စသည့်ကုန်ကြမ်းထုတ်လုပ်မှုများအားလည်းကောင်း၊ တောင်သူ ဦးညွန့်ဝေ၏ ရိုဘတ်စတာကော်ဖီ ရာဘာပင်ကြားသီးညှပ်စိုက် (၅.၅၀)ဧကအား စနစ်တကျရေပေး၍ စိုက်ပျိုး ထားရှိမှုအားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့၊ အလေးမနှင့်ကာယ ဗလလေ့ကျင့်ရေးစခန်းနှင့် ဂျူဒိုအားကစားခန်းမသို့သွားရောက်၍ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းသွင်းလေ့ကျင့်နေသည့် ပြိုင်ပွဲဝင် အားကစားသမားများအား အားပေးခဲ့ပြီး အားဆေးများနှင့် အာရပြည့်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့၊ မြို့မ အားကစားကွင်း၌ ကျင်းပသည့် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လု ပွဲစဉ်အဖြစ် အ.ထ.က စခန်းကြီးနှင့် အ.ထ.က မြင်းကကွင်းတို့၏ ယှဉ်ပြိုင် ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။