တိုင်းဒေသကြီးဝန်ကြီးချုပ် ပညာရေးဘွဲ့စာပေးစာယူသင်တန်းအမှတ်စဉ်(၄/၂၀၂၃) ဒုတိယနှစ် သင်တန်းသားများ ကြိုဆိုပွဲအခမ်းအနားတက်ရောက်

ပုသိမ်      အောက်တိုဘာ         ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြပညာရေးဒီဂရီကောလိပ်၊ မြရတုခန်းမ၌ ပညာရေးဘွဲ့ (B.Ed)စာပေးစာယူသင်တန်း(၄/၂၀၂၃) ဒုတိယနှစ် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားကို သင်တန်းသား၊ သင်တန်းသူများက“ ပွင့်ဖူးဝေဆာ ကျောင်းတော်သာ” တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်အား ပညာရေးဘွဲ့(B.Ed)စာပေးစာယူသင်တန်း(၄/၂၀၂၃)သို့  တက်ရောက်လာကြသည့်သင်တန်းသား၊ သင်တန်းသူများက  မြို့နယ်များအလိုက် မိတ်ဆက်တင်ပြခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ပညာရေးဘွဲ့(B.Ed)စာပေးစာယူ(၄/၂၀၂၃) ဒုတိယယနှစ်သင်တန်းသား၊ သင်တန်းသူများအား လာရောက်တွေ့ဆုံအားပေးခြင်းဖြစ်ပါကြောင်း၊ ယခုသင်တန်းတက်ရောက်လာကြသည့် ဆရာ၊ ဆရာမများအနေဖြင့် သင်တန်းများ ပြီးဆုံးပါက ပညာရေးဘွဲ့(B.Ed)ရရှိပြီး ပညာရေးဝန်ကြီးဌာန၏ ပေးအပ်သောတာဝန်အသီးသီးကို ဆက်လက်ထမ်းဆောင်ကြရမည်ဖြစ်ပါကြောင်း၊ သင်တန်းသား ဆရာ၊ ဆရာမများသည် ပညာရေးလမ်းခရီးအား တစိုက်မတ်မတ်လျှောက်လှမ်းနေကြသူများဖြစ်သကဲ့သို့ မိမိတို့၏ တပည့်များအား ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များဖြစ်လာအောင် ပြုစုပျိုးထောင် ပေးနေကြသူများလည်းဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး၊ ကျောင်းနေအရွယ်ကလေးအားလုံးရာနှုန်းပြည့်ကျောင်းတက်ရောက်စေရေးနှင့် အတန်းစဉ်ကူးပြောင်းမှုများ မကျန်ရှိစေရေးအတွက် ခရိုင်၊ မြို့နယ်ပညာရေးမှူးများဖြင့် လစဉ်ဆွေးနွေးမှု များကိုလည်း ပြုလုပ်လျက်ရှိပါကြောင်း၊  တိုင်းဒေသကြီးသည် အခြေခံပညာကျောင်း ဖွင့်လှစ်မှု အများဆုံး၊ တက်ရောက်မှုအများဆုံးနှင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမှုအများဆုံး ဖြစ်ပါကြောင်း၊ သို့ဖြစ်၍တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် ဆရာ၊ ဆရာမက တာဝန်ရှိသူများနှင့်အတူ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြမည်ဖြစ်ပါကြောင်းနှင့် မိမိတို့မျှော်မှန်းထားသည့် ပညာရေးလမ်းခရီးအား အောင်မြင်စွာ လျှောက်လှမ်းနိုင်ကြသူများ ဖြစ်ကြပါစေကြောင်း” တိုက်တွန်းအမှာစကားများပြောကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ များအတွက် ထောက်ပံ့ငွေပေးအပ်ရာ မြောင်းမြပညာရေးဒီဂရီကောလိပ်မှ ဌာနကြီးမှူး (သင်တန်းရေးရာ)က လက်ခံရယူခဲ့သည်။ မြောင်းမြပညာရေးဒီဂရီကောလိပ်၌ ဖွင့်လှစ်လျက် ရှိသည့်  ပညာရေးဘွဲ့(B.Ed)စာပေးစာယူ (၄/၂၀၂၃) ဒုတိယနှစ်သင်တန်းတွင် သင်တန်းသား (၄၇)ဦး၊ သင်တန်းသူ(၃၇၈)ဦး၊  စုစုပေါင်း(၄၂၅)ဦး တက်ရောက်လျက်ရှိသည်။

29-Oct-2024