ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် လပွတ္တာမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပသည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
ပုသိမ် အောက်တိုဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် လပွတ္တာမြို့၊ အထက ၁ နှင့် အထက ၃ မှ ဘင်ခရာတပ်ဖွဲ့များ၏ ဘင်ခရာစွမ်းရည်ပြသမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများနှင့်အတူ မုခ်ဦးဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖျော်ဖြေရေးအဖွဲ့များ၊ စာစီစာကုံးပြိုင်ပွဲ၊ ဓါတ်ပုံပြပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ အိမ်တွင်းမှုပြခန်း၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ခါးလှည့်ကွင်းပြိုင်ပွဲ၊ ဥာဏ်စမ်းပဟေဋိပြိုင်ပွဲစသည့် ပြပွဲ၊ ပြိုင်ပွဲများအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် အခမ်းအနားကို ဆက်လက်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူလေးများက “ ပညာဘဏ်တိုက် စာကြည့်တိုက်သို့ သွားကြစို့” သီချင်းဖြင့်သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် “စာပဒေသာဝေဆာစေမည်” ဗီဒီယိုကလစ်ပြသမှုနှင့် အ.ထ.က(၁)မှကျောင်းသား၊ ကျောင်းသူများ၏ “လပွတ္တာမြေမှဖိတ်ခေါ်ပါသည်”သီချင်းဖြင့်သီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယခုကျင်းပသည့်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို(၁၂)ကြိမ်မြောက် ကျင်းပခြင်းဖြစ်ပါကြောင်းနှင့် တစ်ကြိမ်ထက်တစ်ကြိမ် ပိုမိုဆောင်ရွက်လာနိုင်သည်ကို တွေ့ရပါကြောင်း၊ လပွတ္တာခရိုင်သည် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာပါကြောင်း၊ တိုင်းဒေသကြီးတွင် အခြေခံပညာကျောင်းပေါင်း (၇၂၀၀)ကျော်ရှိပြီး ကျောင်းသား၊ ကျောင်းသူ (၁၁)သိန်း(၄)သောင်းကျောင်းတက်ရောက်လျက်ရှိကာ ကျောင်းတက်ရောက်မှု၊ ကျောင်းဖွင့်လှစ်မှုအများဆုံး တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ ပညာရေးကဏ္ဍ တိုးတက်မြင့်မားကာ လူ့စွမ်းအားအရင်းအမြစ်များ များစွာ မွေးထုတ်ရာ တိုင်းဒေသကြီး လည်းဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး အတွင်း၌ ရှင်သန်ခိုင်မာနေသည့် စာကြည့်တိုက် (၃၂၄)တိုက်ရှိပါကြောင်းနှင့် အဆိုပါစာကြည့်များတွင်လည်း သုတ၊ ရသစာအုပ် စာအုပ်စာပေများကို လေ့လာဖတ်ရှုနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျေးရွာများတွင် စာကြည့်တိုက်များ ဆောက်လုပ်ပေးလျက်ရှိပြီး စာကြည့်တိုက်များတွင် အသုံးပြုရန်လိုအပ်သည့် ထောက်ပံ့မှုများကိုလည်း ဆောင်ရွက်ပေးထားပါကြောင်း၊ ပြည်သူများ နှင့် ကျောင်းသား၊ ကျောင်းသူများစာပေ လေ့လာဖတ်ရှုနိုင်ရန် စာကြည့်တိုက်များပိုမိုဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ စာအုပ်စာပေများသည်လည်း စုံလင်စွာထားရှိပေးရမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း လူတိုင်းစာပေတက်မြောက်ရေး၊ စာပေဖတ်ရှုနိုင်သည့်အခွင့်အလမ်းများရရှိနိုင်ရေးတို့အတွက် ဆောင်ရွက်ပေးလျက်ရှိရာ စာတတ်သူတိုင်းစာဖတ်ခြင်းဖြင့်အတွေ့အခေါ်မှန်ကန်သူများ၊ စဥ်းစားဆင်ခြင်နိုင်စွမ်းမြင့်မားသူများဖြစ်လာစေရေး၊ အထူးသဖြင့် လူငယ်များ၏ အနာဂတ်ဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်သောလူငယ်များ ဖြစ်ပေါ်လာစေရေးအတွက် မိဘ၊ ဆရာသမားများနှင့် တာဝန်ရှိသူအားလုံးတို့က ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြင့်မားရေးလုပ်ငန်းများတွင် အလေးထား ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း” အမှာစကားများပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က လပွတ္တာခရိုင်အတွင်းရှိ စာကြည့်တိုက်များအတွက် စာအုပ်စာစောင်များလှူဒါန်းပေးအပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌကလည်းကောင်း၊ လပွတ္တာမြို့နယ်အတွင်းရှိ ၂၀၂၂-၂၀၂၃၊ ၂၀၂၃-၂၀၂၄ပညာသင်နှစ်များတွင် နှစ်ထပ်ကွမ်းလူရည်ချွန်ဆုရရှိသူ၊ (စာပေ၊ ကာယ၊ ဉာဏ၊ ပန်းချီ၊ ဂီတ)ဘက်စုံထူးချွန်ဆု(၂၆)ဆု ရရှိသူ၊ ရေကြောင်းလူငယ်သင်တန်း ဒုတိယဆုရရှိသူနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား U-25 ဖိတ်ခေါ် တင်းနစ်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများ၊ ဗီယက်နမ်နိုင်ငံတွင်ကျင်းပပြုလုပ်သော Asean Cyberkids Camp 2024 Myanmar ကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်ကာ Gold Awardရွှေတံဆိပ်ဆု ရရှိခဲ့သည့် အထက်တန်းပြဆရာမ တို့အား ဂုဏ်ပြုဆုများချီးမြှင့်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကျောင်းသား၊ ကျောင်းသူများ၏ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး အလှူရှင်များက စာကြည့်တိုက်များအတွက် စာအုပ်စာစောင်များလှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အ.ထ.က(၁)ထူးချွန်ကျောင်းသား၊ ကျောင်းသူများပြခန်း၊ ပညာရေးသင်ထောက်ကူပြခန်း၊ လပွတ္တာမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပြခန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ပြခန်း၊ မီးသတ်ဦးစီးဌာနပြခန်း၊ သစ်တောဦးစီးဌာနပြခန်း၊ ငါးလုပ်ငန်းဦးစီးဌာနပြခန်း၊ စိုက်ပျိုးရေးဦးစီးဌာနပြခန်းအစရှိသည့် ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရပါသည်။