တိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဖိတ်ခေါ်ပိုက်ကျော်ခြင်း၊ ရိုးရာခြင်းလုံးနှင့် တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်

ပုသိမ် အောက်တိုဘာ ၂၅

ပဥ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ကျင်းပသည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ဖိတ်ခေါ်ပိုက်ကျော်ခြင်း၊ ရိုးရာခြင်းလုံးနှင့် တင်းနစ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ညနေပိုင်း၌ ပုသိမ်မြို့ ကိုးသိန်းအားကစားခန်းမတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများနှင့် အသင်းနည်းပြ၊ အုပ်ချုပ်သူများ၊ တက်ရောက်ခဲ့သည်။

ဖိတ်ခေါ်ပိုက်ခေါ်ခြင်းဗိုလ်လုပွဲတွင် ပန်းတနော်အသင်းနှင့် ရွှေညောင်ပင်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရွှေညောင်ပင်အသင်းက အနိုင်ရရှိခဲ့သည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲ အခမ်းအနားကိုပြုလုပ်ရာ ဆုရရှိသည့် အသင်းများမှ အားကစားသမားများက နေရာယူကြ ပြီးနောက် တင်းနစ်(၂)ယောက်တွဲပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသူများအား သယံဇာတရေးရာဝန်ကြီးကလည်းကောင်း၊ တင်းနစ်(၁)ဦးချင်းပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသူများအား စီးပွားရေးရာဝန်ကြီးကလည်းကောင်း၊ ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့်အသင်းအား ဆုတံဆိပ်နှင့်ငွေသားဆုကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက လည်းကောင်း၊အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့်အသင်းအား ဆုတံဆိပ်နှင့် ငွေသားဆုကို တိုင်းဒေသကြီးတရားသူကြီးချုပ်ကလည်းကောင်း၊ အမျိုးသမီးပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် အသင်းအား ဆုတံဆိပ်နှင့်ငွေသားဆုကို တိုင်းဒေသကြီး ဥပဒေချုပ်ကလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုရရှိသည့်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးကပေးအပ်ချီးမြှင့်ခဲ့ပြီး ရိုးရာခြင်းလုံး ခတ်ပြိုင်ပွဲတွင် ပထမဆုရရှိသည့်အသင်းနှင့် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုရရှိသည့်အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားကို တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

25-Oct-2024