တိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီးပညာရေးမှူးရုံးတွင် တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
ပုသိမ် အောက်တိုဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီးပညာရေးမှူးရုံး၊ အစည်းအဝေးခန်းမ(၁)၌ တိုင်းဒေသကြီးပညာရေးမှူးရုံး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ်ပိုင်းက ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီး ပညာရေးမှူးရုံး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား လစဉ်ပြုလုပ်လျက်ရှိပါကြောင်း၊ တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက်မြင့်မားရေးနှင့် ဘာသာတွဲများအလိုက် ဘာသာစုံဂုဏ်ထူးများ ပိုမိုရရှိပြီး ထူးချွန်စွာအောင်မြင်စေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကြပ်မတ်လျက်ရှိပါကြောင်း၊ ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများကိုလည်း ခရိုင်များအလိုက် တက္ကသိုလ်များတွင် ဆွေးနွေးေပးလျက် ရှိပါကြောင်း၊ ကျောင်းသားလူငယ်များ၏ စာပေ၊ ဂီတ၊ အနုပညာ၊ အားကစား၊ ပညာရေးကဏ္ဍ များတွင် ဘက်စုံဖွံ့ဖြိုးတိုတက်အောင် အခြေခံပညာမှ စတင်ဆောင်ရွက်ရမည်ဖြစ်ပြီး ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်အောင် ပြုစုပျိုးထောင်ပေးရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးတွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ဆောင်ရွက်လျက်ရှိပြီး သုတရသစာအုပ်စာပေများကို ဖတ်ရှုနိုင်ရေးဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက ဆိုသည့်အတိုင်း ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး၊ ကျောင်းနေအရွယ်ကလေးအားလုံး ရာနှုန်းပြည့်ကျောင်းတက်ရောက် စေရေးနှင့် စဉ်ဆက်မပြတ်အတန်းစဉ်ကူးပြောင်းမှုရှိစေရေး ဝိုင်းဝန်းဆွေးနွေး အကြံပြုကြ စေလိုကြောင်း”အမှာစကား ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးပညာရေးမှူးမှ အခြေခံပညာကျောင်းများဖွင့်လှစ်သင်ကြားနေမှုအခြေအနေများ၊ English ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲအတွက် ကြိုတင် ပြင်ဆင်မှုအခြေအနေများ၊ စာကြည့်တိုက်သင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက် ထားရှိမှုများ၊ ဥပဒေသင်တန်းအတွက် ပြင်ဆင်ထားရှိမှုများ၊ တက္ကသိုလ်ဝင်စာပေးပွဲ အောင်ချက် မြင့်မားရေးကိစ္စရပ်များ၊ တက္ကသိုလ်များတွင် ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲဆောင်ရွက်မည့် ကိစ္စရပ်များ၊ ရေကြီးနစ်မြုပ်ကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားနေမှုအခြေအနေများအား လည်းကောင်း၊ ခရိုင်ပညာရေးမှူးများနှင့် မြို့နယ်ပညာရေးမှူးများက ပညာရေးဆိုင်ရာ လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြပြီး ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။