တိုင်းဒေသကြီးဝန်ကြီးချုပ် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲဝင် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု အသင်းအားကြိုဆိုဂုဏ်ပြု၊ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြုအသင်းအား ချောင်းသာ ကမ်းခြေသို့ အပန်းဖြေခရီးစဉ်ပို့ဆောင်
ပုသိမ် အောက်တိုဘာ ၂၅
(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်) ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု အသင်းအား ကြိုဆိုဂုဏ်ပြုခြင်းကို ယမန်နေ့ညပိုင်းက ပုသိမ်တက္ကသိုလ်ရှေ့တွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများက ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။
ဦးစွာ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်)ပြိုင်ပွဲ သို့ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသည့် ဧရာဝတီ တိုင်းဒေသကြီးကိုယ်စားပြုအသင်း အုပ်ချုပ်နည်းပြများ၊ ပြိုင်ပွဲဝင်များအား ဖျော်ဖြေရေးအဖွဲ့ များက အိုးစည်၊ ဗုံမောင်းများဖြင့် ကြိုဆိုခဲ့ကြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များက ဂုဏ်ပြုပန်းစီးများဖြင့် ရင်းနှီးနွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်မှုဖြင့် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်)ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသူများအား ယနေ့နံနက်ပိုင်းတွင် ချောင်းသာကမ်းခြေနှင့် Sea & Lake Garden သို့ အပန်းဖြေခရီး ပို့ဆောင်ခဲ့သည်။
ဦးစွာ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်)ပြိုင်ပွဲ (ဗဟိုအဆင့်)တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသူများသည် ချောင်းသာကမ်းခြေ Azura Hotel သို့ရောက်ရှိပြီး ချောင်းသာကမ်းခြေ တစ်လျှောက် အပမ်းဖြေခြင်း၊ ရေကူးခြင်း၊ အလှဓာတ်ပုံများ ရိုက်ကူးခြင်း များဖြင့် အေးချမ်းပျော်ရွှင်စွာ အနားယူခဲ့ကြပြီး Azura Hotel တွင် တည်ခင်းဧည့်ခံ ကျွေးမွေးသည့် နေ့လည်စာများကို သုံးဆောင်ခဲ့ကြသည်။ ယင်းနောက် အဆိုပါအဖွဲ့များသည် Sea & Lake Garden သို့ ဆက်လက်ထွက်ခွာပြီး ဒီရေတောတံတား၊ ကျောက်စိမ်းပြတိုက်၊ သစ်သားများဖြင့် ထွင်းထုထားသည့် ပန်းပုရုပ်တု ပြတိုက်နှင့် အသဲတစ်ရာဥယျာဉ်တို့တွင် လေ့လာလည်ပတ်ကြည့်ရှုခြင်းနှင့် အမှတ်တရမှတ်တမ်း ဓာတ်ပုံများ ရိုက်ကူးခြင်းများအပြင် အခြားစိတ်အပမ်းဖြေလည်ပတ်စရာ နေရာများအား လွတ်လပ်ပျော်ရွှင်စွာ လည်ပတ်ခဲ့ကြသည်။