တိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ (၆/၂၀၂၄)ကြိမ်မြောက်အစည်းအဝေးသို့တက်ရောက်

ပုသိမ်  အောက်တိုဘာ၂၄

ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၆/၂၀၂၄) ကြိမ်မြောက် အစည်းအဝေး ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ယနေ့ နေ့လယ်ပိုင်းကပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဝင်များ၊ ကုမ္မဏီလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးကို လစဉ်ပြုလုပ်လျက်ရှိပါ ကြောင်း၊ တိုင်းဒေသကြီးတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ ဆန်စက်လုပ်ငန်းများ၊ အထည် ချုပ်လုပ်ငန်းများနှင့်ပတ်သက်၍ လာရောက်ရင်းနှီးမြှုပ်နှံမှုများပါကြောင်း၊ တိုင်းဒေသကြီးအတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေးအတွက် ပြည်တွင်း၊ ပြည်ပ လုပ်ငန်းများကို ဖိတ်ခေါ်လျှက်ရှိပြီး ရင်းနှီးမြုပ်နှံမည့် လုပ်ငန်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ခွင့်ပြု ပေးလျက်ရှိပါကြောင်း၊  လာရောက်ရင်းနှီးမြှုပ်နှံမှုပြုသည့် ကုမ္ပဏီများအနေဖြင့် သတ်မှတ် ကာလအတွင်း လုပ်ငန်းများအားအကောင်အထည်ဖော် ဆောင်ရွက်နိုင်သော်လည်း အချို့သော ကုမ္ပဏီများသည် လုပ်ငန်းဆောင်ရွက်မှုအားနည်း နေသည်ကိုလည်း တွေ့ရပါကြောင်း၊  တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုခွင့်ပြုပေးထားသည့် လုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်နေမှုများ၊ လုပ်ငန်းတိုးတက်မှုများအား ကြပ်မတ်စစ်ဆေးရန် လိုအပ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံသည့်လုပ်ငန်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီဖြစ်စေရေး ကော်မတီဝင်များက ဝိုင်းဝန်းဆွေးနွေးကြရမည်ဖြစ်ပါကြောင်း” အမှာစကားပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီအတွင်းရေးမှူးနှင့် ကုမ္ပဏီများမှ တာဝန်ရှိသူများက ရာခိုင်နှုန်းပြည့်နိုင်ငံခြားသားရင်းနှီးမြုပ်နှံမှုဖြင့် Myanmar Yuan Zhu Apparel Co,Ltd က CMP စနစ်ဖြင့် အထည်အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခွင့်ပြုပါရန် အတည်ပြုလျှောက်ထားလွှာတင်ပြခြင်းကိစ္စ၊ ဖက်စပ်နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဖြင့် YUAN QIAO GARMENT Co,Ltd က CMP စနစ်ဖြင့် အထည်အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခွင့်ပြုပါရန် အတည်ပြုလျှောက်ထားလွှာ တင်ပြခြင်းကိစ္စများအား  ရှင်းလင်းတင်ပြ ခဲ့ကြသည်။  ယင်းနောက် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်များ၏ အထွေထွေ ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

24-Oct-2024