တိုင်းဒေသကြီးဝန်ကြီးချုပ် ပညာရေးဘွဲ့စာပေးစာယူသင်တန်းအမှတ်စဉ်(၄/၂၀၂၃) ဒုတိယနှစ်သင်တန်းသားများ ကြိုဆိုပွဲအခမ်းအနားတက်ရောက်
ပုသိမ် အောက်တိုဘာ၂၄
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်း၌ ပုသိမ်ပညာရေးဒီဂရီကောလိပ်တွင် ကျင်းပသည့် ပညာရေးဘွဲ့စာပေးစာယူသင်တန်းအမှတ်စဉ် (၄/၂၀၂၃) ဒုတိယနှစ် သင်တန်းသားများ ကြိုဆိုပွဲအခမ်းအနားတက်ရောက်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က "တိုင်းဒေသကြီး၏ ပညာတတ်လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးနေသည့် ဆရာဆရာမများအား လာရောက်တွေ့ဆုံအားပေးခြင်းဖြစ်ပါကြောင်း၊ စာပေးစာယူပညာရေးဘွဲ့ (B.Ed) ဒုတိယနှစ်သို့ ရောက်လာခဲ့ပြီဖြစ်သဖြင့် ကြိုးစားလေ့လာသင်ယူကြစေလိုကြောင်း၊ တိုင်းဒေသကြီးသည် အခြေခံပညာကျောင်း ဖွင့်လှစ်မှုအများဆုံး၊ တက်ရောက်မှုအများဆုံးနှင့် အောင်ချက်မြင့်မားသော တိုင်းဒေသကြီး ဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများကို အခြေခံပညာနှင့် အဆင့်ပညာမှ ဆရာ၊ ဆရာမများ ပူးပေါင်း၍ ဆွေနွေး ပေးသွားမည်ဖြစ်ပါကြောင်း၊ ပညာရေးကိုလိုလားသည့် တိုင်းဒေသကြီးဖြစ်သည့်အတွက် တိုင်းဒေသကြီး၏ပညာရေးကဏ္ဍ တိုးတက် မြင့်မားရေး၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် မြင့်မားရေး၊ သိပ္ပံ၊ ဝိပ္ပံ၊ ဝိဇ္ဇာဘာသာရပ်များတွင် ထူးချွန်စွာအောင်မြင်ရေး၊ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းတက်ရောက်စေရေးတို့အတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း" ပြောကြား၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းသား၊ သင်တန်းသူများအတွက် ထောက်ပံ့ငွေပေးအပ်ရာ ပုသိမ်ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးမှ လက်ခံရယူခဲ့ပါသည်။ ပုသိမ်ပညာရေးဒီဂရီကောလိပ်၊ B.Ed (၄/၂၃)ဒုတိယနှစ် သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၃၈၈)ဦး တက်ရောက်လျက်ရှိပါသည်။