တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်၊ ရာသီဥတုအညွှန်းကိန်းသီးနှံအာမခံလျော်ကြေးပေးအပ်ပွဲအခမ်းအနားတက်ရောက်ခြင်းနှင့် မြန်အောင်မြို့နယ်၌စိုက်ပျိုးထားသည့် ပေါ်ဆန်းဘေးကြား(RS to CS)မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းစိုက်ပျိုးထားရှိမှုများကိုကြည့်ရှုအားပေး
ပုသိမ် အောက်တိုဘာ ၂၃
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းမှ ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်၊ ရာသီဥတုအညွှန်းကိန်းသီးနှံအာမခံလျော်ကြေး ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ တောင်သူများတက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဇူလိုင်လနှင့် ဩဂုတ်လများတွင် မိုးအဆက်မပြတ်ရွာသွန်း၍ တောင်သူများ၏ စိုက်ဧကများတွင် သတ်မှတ်ထားသော မိုးရေချိန်စံညွှန်းကိန်းထက် ကျော်လွန်၍ စိုက်ဧကများပျက်စီးခြင်းကြောင့် လျော်ကြေးငွေပေးအပ်ခြင်းဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမိုးလေဝသစခန်းရှိ အကျုံးဝင်မြို့နယ်များဖြစ်သည့် ဟင်္သာတ၊ လေးမျက်နှာ၊ ဇလွန်၊ ကြံခင်း၊ မြန်အောင်၊ အင်္ဂပူ၊ ရေကြည်၊ ကျုံပျော်၊ ကျောင်းကုန်းမြို့နယ်များရှိ သီးနှံအာမခံထားရှိကြသည့် တောင်သူများကို လျော်ကြေးငွေများ ပေးအပ်သွားမှာဖြစ်ပါကြောင်း၊ ထို့အပြင် သီးနှံအာမခံထားရှိသည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေကြီးနစ်မြုပ်ပျက်စီးဧကများအတွက်လည်း မြန်မာ့အာမခံလုပ်ငန်းမှ ထပ်မံပေးလျော်သွားမည်ဖြစ်ပါကြောင်း၊ ရေကြီးနစ်မြုပ်ပျက်စီးဧကစာရင်းများနှင့် အာမခံထားရှိသည့်ဧကများတိုက်ဆိုင်စစ်ဆေး အတည်ပြုနိုင်ရန်အတွက် သက်ဆိုင်ရာစိုက်ပျိုးရေးနှင့်မွေးမြူရေး ကြီးကြပ်မှုကော်မတီများမှပူးပေါင်းဆောင်ရွက်ပေးရန်၊ မြန်မာ့အာမခံလုပ်ငန်းအနေနှင့် ရာသီဥတုအညွှန်းကိန်းသီးနှံအာမခံလုပ်ငန်းကို တောင်သူများအကျိုးအတွက် အာမခံအကာအကွယ်ပေးနိုင်ခဲ့ပြီး တောင်သူများ၏ စိုက်ပျိုးသီးနှံတွေမှာ ကြုံတွေ့နိုင်သည့် သဘာဝဘေးအန္တရာယ်များကို အာမခံစနစ်ဖြင့် ကာကွယ်ထောက်ပံ့ပေးခြင်းဖြစ်ပါကြောင်း၊ ထိုကဲ့သို့အကောင်အထည်ဖော် ဆောင်ရွက်သည့်အခါတွင်လည်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် တောင်သူများလက်တွေ့ကျကျ ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ သီးနှံအာမခံစနစ်အောင်မြင်စွာ ဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက် အားလုံးကူညီဆောင်ရွက်ပေးကြဖို့ တိုက်တွန်းမှာကြားလိုပါကြောင်း” အမှာစကားပြောကြားသည်။
ဆက်လက်၍ မြန်မာ့အာမခံလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူးက ရာသီဥတုအညွှန်းကိန်းသီးနှံအာမခံနှင့် ပတ်သက်၍လည်းကောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဦးဆောင်ညွှန်ကြားရေးမှူးက စိုက်ပျိုးစရိတ်ချေးငွေများနှင့် သီးနှံအာမခံထားရှိရေး ကိစ္စအားလည်းကောင်းရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဟင်္သာတမြို့နယ်၊ ရေကြည်မြို့နယ်နှင့် ကျုံပျော်မြို့နယ်တို့မှ တောင်သူများအားလည်းကောင်း၊ စီးပွားရေးရာဝန်ကြီးက ကျောင်းကုန်းမြို့နယ်နှင့် မြန်အောင်မြို့နယ်တို့မှ တောင်သူများအားလည်းကောင်း၊ မြန်မာ့အာမခံလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူးက ဇလွန်မြို့နယ်နှင့် ကြံခင်းမြို့နယ်တို့မှ တောင်သူများအားလည်းကောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဦးဆောင်ညွှန်ကြားရေးမှူးက လေးမျက်နှာမြို့နယ်နှင့် အင်္ဂပူမြို့နယ်တို့မှ တောင်သူများအားလည်းကောင်း လျော်ကြေးငွေများအသီးသီးပေးအပ်ခဲ့ပြီးနောက် ရာသီဥတုအညွှန်းကိန်းသီးနှံအာမခံလျော်ကြေး ရရှိသောတောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကားများပြောကြားခဲ့သည်။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းမှ ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်၊ ရာသီဥတုအညွှန်းကိန်းသီးနှံအာမခံလျော်ကြေး ပေးအပ်ပွဲအခမ်းအနားတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ စိုက်ပျိုးစရိတ်ချေးငွေထုတ်ယူပြီး မြန်မာ့အာမခံလုပ်ငန်း၌ သီးနှံအာမခံထားရှိခဲ့ကြသည့် တောင်သူဦးရေ(၅၁၃၁၈) ဦး၊ ဧကပေါင်း (၁၉၁၅၁၉) ဧကအတွက် လျော်ကြေးငွေကျပ်(၅.၇၄၅) ဘီလီယံကို ပေးအပ်နိုင်ခဲ့ကြောင်းသိရသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်မြို့နယ်၊ တာဂွတဲကြီးကုန်းကျေးရွာရှိ တောင်သူဦးသန်းထွန်းအောင်၏ စိုက်ဧက(၄)က၌စိုက်ပျိုးထားသည့် ပေါ်ဆန်းဘေးကြား(RS to CS)မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းစိုက်ပျိုးထားရှိမှုများကို ကြည့်ရှုအားပေးခဲ့ရာတောင်သူဦးသန်းထွန်းအောင်က ယခင်နှစ်စပါးထွက်ရှိမှု၊ ဆန်အရည်အသွေးနှင့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။