တိုင်းဒေသကြီးဝန်ကြီးချုပ် MNAမြန်မာအမျိုးသားလေကြောင်းလိုင်းရန်ကုန်- ပုသိမ်- ညောင်ဦး- မန္တလေး လေယာဉ်ခရီးစဉ်မှ ခရီးသည်များအားနွေးထွေးစွာကြိုဆိုနှုတ်ဆက်

ပုသိမ်     အောက်တိုဘာ      ၂၀

MNAမြန်မာအမျိုးသားလေကြောင်းလိုင်း  ရန်ကုန်- ပုသိမ်- ညောင်ဦး- မန္တလေးလေယာဉ်ခရီးစဉ်မှ ခရီးသည်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက ပုသိမ်လေဆိပ်သို့သွားရောက်၍ ရင်းနှီးနွေးထွေးစွာကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်လေဆိပ်သို့သွားရောက်၍ ဆိုက်ရောက်၊ ထွက်ခွာ နေရာများ၊ ခရီးသည်စစ်ဆေးရေးခန်းမများအားကြည့်ရှုစစ်ဆေးခဲ့ပြီး ခရီးသည်များ အေးချမ်းစွာနားနေနိုင်ရန်နှင့် လုံခြုံရေး အလေးထားဆောင်ရွက်ရန်မှာကြားခဲ့သည်။

ထို့နောက် ရန်ကုန်- ပုသိမ်- ညောင်ဦး- မန္တလေး  လေယာဉ်ခရီးစဉ်မှ ပုသိမ်လေဆိပ်သို့ဆိုက်ရောက်လာရာ ခရီးသည်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများက  အိုးစည်အကအဖွဲ့များဖြင့် ရင်းနှီးနွေးထွေးစွာကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး ခရီးသည်များနှင့် လေကြောင်းလိုင်းတာဝန်ရှိသူများအား ပုသိမ်ဒေသထွက်အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်- ညောင်ဦးခရီးစဉ်သို့ လိုက်ပါမည့် ခရီးသည်များအား ရင်းနှီးစွာပို့ဆောင်နှုတ်ဆက်ခဲ့သည်။ ပုသိမ်လေဆိပ်တွင် ရန်ကုန်- ပုသိမ်- ညောင်ဦး- မန္တလေး လေယာဉ်ခရီးစဉ်မှ ခရီးသည်များအတွက် ပုသိမ်မြို့တွင်းရှိထင်ရှားသောအထင်ကရနေရာများ၊ ‌ဘုရား၊ စေတီများနှင့် ငွေဆောင်၊  ချောင်းသာ စသည့်ကမ်းခြေဒေသများနှင့် တိုင်းဒေသကြီးအတွင်းရှိမြို့နယ်များသို့ သွားလာလည်ပတ်နိုင်ရန်အတွက်(မိုက်ခရို/မီနီဘတ်) စင်းလုံးငှားပို့ဆောင်ရေး ဝန်ဆောင်မှုများကိုလည်း ဆောင်ရွက်ပေးထားကြောင်းသိရသည်။

20-Oct-2024