တိုင်းဒေသကြီးဝန်ကြီးချုပ် ဇလွန်မြို့နယ်နှင့် ဟင်္သာတမြို့နယ်အတွင်း၌ မိုးစပါးစံကွက်ရိတ်သိမ်းနေမှုများကိုကြည့်ရှုအားပေး
ပုသိမ် အောက်တိုဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ ဟင်္သာတမြို့နယ်အတွင်း၌ ၂၀၂၄-၂၀၂၅ခုနှစ်၊ မိုးစပါးစံကွက်ရိတ်သိမ်းခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ မိုးစပါးစံကွက်ရိတ်သိမ်းနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ အုပ်ရှစ်ကွင်းကျေးရွာအုပ်စု၊ သရက်ကုန်းကျေးရွာရှိ တောင်သူဦးသန့်ဇော်ဦး၏ စိုက်ဧက(၆)ကတွင် မျိုးစေ့ချကိရိယာအသုံးပြု၍ အတန်းလိုက်အစေ့ချစနစ်ဖြင့် စိုက်ပျိုးသည့် YSR-1စပါးမျိုးအားရိတ်သိမ်းနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ရိတ်သိမ်းခြွေလှေ့စက်အသုံးပြု၍ စပါးရိတ်သိမ်းရာတွင် စပါးလေလွင့်ဆုံးရှုံးမှု နည်းပါးအောင် ရိတ်သိမ်းရန်နှင့် သီးထပ်စွမ်းအားတိုးတက်စိုက်ပျိုးနိုင်ရေးဆောင်ရွက်ရန် တာဝန်ရှိသူများကိုမှာကြားခဲ့သည်။ တိုင်းဒေသကြီးအတွင်း ကြဲခင်းစနစ်များလျော့နည်းစေရေးနှင့် တစ်ဧက(၁၀)တင်းနှုန်းပိုမိုတိုးတက်ထွက်ရှိရေး ရည်မှန်းချက်ထားကာ မျိုးစေ့ချကိရိယာများ၊ လက်ဆွဲကောက်စိုက်စက်များအသုံးပြု၍ စိုက်ပျိုးခြင်းများကို ယခုနှစ်မိုးစပါးစိုက်ရာသီတွင် ဆောင်ရွက်စိုက်ပျိုးခဲ့ရာ သမားရိုးကျကြဲခင်းစနစ်စိုက်ပျိုးခြင်းထက် အထွက်နှုန်းများသည်လည်း သိသာစွာတိုးတက်ထွက်ရှိခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇလွန်မြို့နယ်၊ မင်းဒရယ်ကျေးရွာအုပ်စု၊ မင်းဒရယ်ကျေးရွာရှိ တောင်သူဦးကျော်ဆန်းအေး၏ မိုးစပါးစိုက်ဧက(၇)ဧကတွင် စိုက်ခင်းရေကြီးနစ်မြုပ်မှုကြောင့်ထိခိုက်မှုအပေါ် သွင်းအားစုထည့်သွင်းကြဲပက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး သီးနှံဖျက်ပိုးမွှားအန္တရာယ်ကျရောက်မှုမရှိစေရေးနှင့် ရိတ်သိမ်းချိန်လေလွင့်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန်မှာကြားခဲ့ပြီး ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုးများနှင့်တွေ့ဆုံ၍ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် အလေးထားဆောင်ရွက်ကြရန်မှာကြားခဲ့ သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့နယ်၊ တောင်ကလုံကျေးရွာအုပ်စု၊ လက်ပံကုန်းကျေးရွာရှိ တောင်သူဒေါ်ညိုညိုဆန်း၏ စိုက်ဧက(၄)ဧကတွင် ပျိုးထောင်စနစ်ဖြင့် စိုက်ပျိုးသည့် ရွှေဧရာစပါးမျိုး စံကွက်ရိတ်သိမ်းနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး သီးထပ်စွမ်းအား တိုးတက်မြင့်မားရေး၊ ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာများကို တိုးချဲ့စိုက်ပျိုးကြရန် မှာကြားခဲ့သည်။ တိုင်းဒေသကြီးအတွင်း စပါးများရိတ်သိမ်းရာတွင် လေလွင့်ဆုံးရှုံးမှုများ နည်းပါးစေရေးအတွက် စပါးရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်နည်းသင်တန်းများဖွင့်လှစ်ပို့ချခဲ့သဖြင့် ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်သူများမှာ စနစ်တကျမောင်းနှင်တက်ခြင်း၊ စက်ပိုင်းဆိုင်ရာများကို ကောင်းမွန်စွာ နားလည် သိရှိခြင်းများကြောင့် လေလွင့်ဆုံးရှုံးမှုများ နည်းပါးခဲ့ပြီး လယ်ယာသုံး စက်ကိရိယာမောင်းနှင်နည်း သင်တန်းများကိုလည်း ဆက်လက် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။