တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့၊ ဓာတုဝိဇ္ဇာပရိယတ္တိ၊ ပဋိပတ္တိကျောင်းတိုက်အတွင်း သုံးထပ်ဆွမ်းစားကျောင်းဆောင် ဒုတိယအကြိမ်အလှူပေးအပ်ပွဲ အခမ်းအနားကို တက်ရောက်

ပုသိမ်     အောက်တိုဘာ      ၁၇

တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ဓာတုဝိဇ္ဇာ ပရိယတ္တိ၊ ပဋိပတ္တိကျောင်းတိုက်အတွင်း သုံးထပ်ဆွမ်းစားကျောင်းဆောင် ဒုတိယအကြိမ်အလှူပေးအပ်ပွဲ အခမ်းအနားကို တက်ရောက်ခဲ့သည်။

ဦးစွာ အခမ်းအနားကို နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ မရမ်းချို ကျောင်းတိုက်၏ ဦးစီးပဓာန နာယကဆရာတော် (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တသောဘိတ  အရှင်သူမြတ်ထံမှ ဝန်ကြီးချုပ်နှင့်ဧည့်ပရိတ်သတ်များက ကိုးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များအား ဆက်လက်နာယူကြည်ညိုကြကာ ဆရာတော်သံဃာတော်  အရှင်သူမြတ်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက သင်္ကန်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ 

ဆက်လက်၍ သုံးထပ်ဆွမ်းစားကျောင်းဆောင်အတွက် အလှူငွေများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့က ပေးအပ်လှူဒါန်းရာ လူမှုရေးရာဝန်ကြီးကလည်းကောင်း၊  စေတနာရှင် အလှူရှင်များ၊ ဌာနဆိုင်ရာများက လှူဒါန်းသော အလှူငွေများကိုလူမှုရေးရာဝန်ကြီးနှင့် ဂေါပကအဖွဲ့ ကလည်းကောင်း လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ မရမ်းချို ကျောင်းတိုက်၏ ဦးစီးပဓာန နာယကဆရာတော် (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ)ဘဒ္ဒန္တသောဘိတ  အရှင်သူမြတ်ထံမှ ဝန်ကြီးချုပ်နှင့်  ဧည့်ပရိတ်သတ်များက အနုမောဒနာ တရားများနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့( အဘိဓမ္မာအခါတော်နေ့) တွင်ပုသိမ်မြို့၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ မဟာပဝါရဏာပြုပွဲနှင့် သိမ်ဆင်းလောင်းလှူပွဲအခမ်းအနားအား တက်ရောက်ခဲ့သည်။ ဦးစွာ သံဃာတော်အရှင်သူမြတ်များမှ သိမ်တော်အတွင်း ပဝါရဏာပြုပွဲ ဆင်ယင်ကျင်းပတော်မူကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊  တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များက  လှူဖွယ်ဝတ္ထုအစုစုတို့ဖြင့် ဘုရားအမှူးပြုသော သံဃာတော် (၅၇)ပါးတို့အား သိမ်ဆင်းလောင်းလှူပူဇော်ခဲ့ကြသည်။

17-Oct-2024