တိုင်းဒေသကြီးဝန်ကြီးချုပ် MAIအပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်းရန်ကုန်-ပုသိမ်-မန္တလေး- ဟုမ္မလင်း- မန္တလေး- ရန်ကုန် လေယာဉ်ခရီးစဉ်မှ ခရီးသည်များအားနွေးထွေးစွာကြိုဆိုနှုတ်ဆက်

ပုသိမ်     အောက်တိုဘာ      ၁၇

MAI အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း၊ ရန်ကုန်-ပုသိမ်-မန္တလေး- ဟုမ္မလင်း- မန္တလေး- ရန်ကုန်လေယာဉ်ခရီးစဉ်မှ ခရီးသည်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ပုသိမ်လေဆိပ်သို့သွားရောက်၍ ရင်းနှီးနွေးထွေးစွာကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်လေဆိပ်သို့သွားရောက်၍ ဆိုက်ရောက်၊ ထွက်ခွာ နေရာများ၊ ခရီးသည်စစ်ဆေးရေးခန်းမများအားကြည့်ရှုစစ်ဆေးခဲ့ပြီး ခရီးသည်များ အေးချမ်းစွာနားနေနိုင်ရေး၊ လုံခြုံရေး ပေါ့ဆမှုမရှိစေရေး အလေးထားဆောင်ရွက်ရန်မှာကြားခဲ့သည်။ ဆက်လက်၍ MAI အပြည်ပြည်ဆိုင်ရာမြန်မာ လေကြောင်းလိုင်း၊ ရန်ကုန် -ပုသိမ်-မန္တလေး- ဟုမ္မလင်း- မန္တလေး- ရန်ကုန်လေယာဉ်ခရီးစဉ်မှ ပုသိမ်လေဆိပ်သို့ဆိုက်ရောက်လာရာ ခရီးသည်များအား တိုင်းဒေသကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများက  အိုးစည်အကအဖွဲ့များဖြင့် ရင်းနှီးနွေးထွေးစွာကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး ခရီးသည်များနှင့် လေကြောင်းလိုင်းတာဝန်ရှိသူများအား ပုသိမ်ဒေသထွက်အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ခဲ့သည်။ 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်-မန္တလေးခရီးစဉ်သို့ လိုက်ပါမည့် ခရီးသည်များအား ရင်းနှီးစွာပို့ဆောင်နှုတ်ဆက်ခဲ့သည်။ ပုသိမ်လေဆိပ်တွင် ရန်ကုန်-ပုသိမ်-မန္တလေး- ဟုမ္မလင်း- မန္တလေး- ရန်ကုန် လေယာဉ်ခရီးစဉ်မှ ခရီးသည်များအတွက် ပုသိမ်မြို့တွင်းရှိထင်ရှားသောအထင်ကရနေရာများ၊ ‌ဘုရား၊ စေတီများနှင့် ငွေဆောင်၊  ချောင်းသာ စသည့်ကမ်းခြေဒေသများနှင့် တိုင်းဒေသကြီးအတွင်းရှိမြို့နယ်များသို့ သွားလာလည်ပတ်နိုင်ရန်အတွက်(မိုက်ခရို/မီနီဘတ်) စင်းလုံးငှားပို့ဆောင်ရေး ဝန်ဆောင်မှုများကိုလည်း ဆောင်ရွက်ပေးထားကြောင်းသိရသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငါးလုပ်ငန်းရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေပြီး ငါးရိက္ခာဖူလုံစေရန်၊ ငါးလုပ်ငန်းကိုအခြေခံ၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရန်နှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန် မျှော်မှန်း၍ ပုသိမ်မြို့၊ ကန်သုံးဆင့်သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ တက်ရောက်၍ ငါးခုံးမကြီးကောင်ရေတစ်သိန်းနှင့် ငါးမြစ်ချင်းကောင်ရေ ငါးသောင်း စုစုပေါင်း ငါးမျိုးတစ်သိန်းခွဲအားတို့အား ငါးမျိုးစိုက်ထည့်ပေးခဲ့သည်။

17-Oct-2024