တိုင်းဒေသကြီးဝန်ကြီးချုပ် ခရီးသွားလုပ်ငန်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်
ပုသိမ် အောက်တိုဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်သည့် ခရီးသွားလုပ်ငန်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ပုသိမ်လေယာဉ်ကွင်းအား တိုးချဲ့၍ ခရီးသည်တင်လေယာဉ်များ ပြေးဆွဲနိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ပွင့်လင်းရာသီကို ရောက်ရှိ လာပြီဖြစ်၍ ပြည်တွင်းပြည်ပခရီးသွား ဝင်ရောက်လာတော့မည်ဖြစ်ရာ မြို့၊ ရွာ၊ ကားလမ်း တစ်လျှောက် သန့်ရှင်းရေး၊ ဟိုတယ်ဇုန်များသန့်ရှင်းရေး၊ ကမ်းခြေသာယာလှပရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပြည်တွင်းပြည်ပခရီးသွားများအတွက် ဟိုတယ်နှင့် တည်းခိုခန်းများအနေဖြင့် ဆွဲဆောင်မှုကောင်းကောင်း ကြော်ငြာအားကောင်းကောင်းဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်းနှင့် ပရိုမိုးရှင်းများဖြင့်လည်း ဆွဲဆောင်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ကမ်းခြေဒေသများသို့ သွားလာလည်ပတ်နိုင်ရန် လေယာဉ်လမ်းကြောင်း တစ်ခုပြေးဆွဲနိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ခရီးစဉ်သစ်များ ဖော်ထုတ်နိုင်ရေးကိုလည်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်းနှင့် ရေရှည်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ပါကြောင်း၊ လေယာဉ်ခရီးစဉ်ပြေးဆွဲရာတွင် ပြည်တွင်းခရီးသွားများသာမက ပြည်ပခရီးသွားများဝင်ရောက်နိုင်ရေးအတွက်လည်း မျှော်မှန်းထားပါကြောင်းနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးကတက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း” အမှာစကားပြောကြားသည်။
ထို့နောက် ငွေဆောင်ဟိုတယ်ဇုန်နှင့် ချောင်းသာ ဟိုတယ်ဇုန်တို့မှ တာဝန်ရှိသူများ၊ ဟိုတယ်နှင့်တည်းခိုခန်း လုပ်ငန်းရှင်များက လေယာဉ်ခရီးစဉ်ပြေးဆွဲ ပေးရာတွင် ခရီးသွားပြည်သူများအား သတင်းအချက်အလက်ပေးနိုင်ရေး၊ လေယာဉ်လက်မှတ်များ ရောင်းချနိုင်ရေး၊ သတင်းအချက်အလက်အသေးစိပ်ပေးနိုင်ရေးနှင့် ပြည်တွင်းပြည်ပခရီးသွား ဝင်ရောက်မှု အခြေအနေကိစ္စရပ်များကို လည်းကောင်း၊ စီးပွားရေးရာဝန်ကြီးက လေယာဉ်ခရီးစဉ်များ ရက်အလိုက်ပြေးဆွဲနိုင်ရေးနှင့် ခရီးသည်များအတွက် ပရိုမိုးရှင်းပေးနိုင်ရေးဆောင်ရွက်ထားရှိမှု များကိုလည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးက ခရီးသွားလုပ်ငန်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကိုလည်းကောင်း၊ အစည်းအဝေးသို့တက်ရောက် လာသူများ၏ ပုသိမ်လေဆိပ်သို့ လေယာဉ်ခရီးစဉ်ဖြင့် ရောက်ရှိလာမည့်ခရီးသည်များအတွက် ပို့ဆောင်မည့် မော်တော်ယာဉ်များစီစဉ်ထားရှိမှု၊ လုံခြုံရေးကိစ္စရပ်များ၊ ကြိုဆိုရေးနှင့် အထွေထွေ ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကိုဖြည့်စွက်ဆွေးနွေး ခဲ့ပြီး ခရီးသွားလုပ်ငန်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။