တိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြမြို့၌ပြုလုပ်သည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူများနှင့်နည်းပညာနှီးနှောဖလှယ်ပွဲသို့တက်ရောက်
ပုသိမ် အောက်တိုဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီးအတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူများနှင့်နည်းပညာနှီးနှောဖလှယ်ပွဲကို ယနေ့နံနက်ပိုင်းက မြောင်းမြမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမတွင် ပြုလုပ်ခဲ့ရာ နည်းပညာနှီးနှောဖလှယ်ပွဲသို့တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာတင်ထွဋ်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ သုတေသီများ၊ ဌာနဆိုင်ရာများ၊ ပုသိမ်ခရိုင်၊ မြောင်းမြခရိုင်၊ လပွတ္တာခရိုင်တို့မှ တောင်သူများ တက်ရောက်ခဲ့သည်။
တောင်သူများနှင့်နည်းပညာနှီးနှောဖလှယ်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယခုပြုလုပ်သည့် နည်းပညာနှီးနှောဖလှယ်ပွဲသည် တောင်သူများအတွက်စိုက်ပျိုးရေး အသိပညာများများစွာရရှိမည့် နှီးနှောဖလှယ်ပွဲဖြစ်ပါကြောင်း၊ ဇူလိုင်လနှင့် ဩဂုတ်လများတွင် မိုးအဆက်မပြတ် ရွာသွန်းခြင်းနှင့် မြစ်ရေကြီးမှုဖြစ်စဉ်များကြောင့် တိုင်းဒေဒသကြီးတွင် စိုက်ဧကများရေကြီးနစ်မြုပ်ပျက်စီးမှုများ ရှိခဲ့ပါကြောင်းနှင့် ၎င်းစိုက်ဧကများပြန်လည်ကုစားစိုက်ပျိုးနိုင်ရေးနှင့် စိုက်ဧကများပြည့်မီရေးအတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ စပါးကျီဖြစ်ပါကြောင်းနှင့် ဆန်ဖူလုံမှုအနေဖြင့် (၃၇၈) ရာခိုင်နှုန်းဖူလုံမှုရှိပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် စိုက်ပျိုးရေးတွင် စံပြတိုင်းဒေသကြီးဖြစ်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် မိုးစပါး၊ နွေစပါး ဧက ၅၂ သိန်းကျော်၊ ပဲမျိုးစုံ ဧက(၁၆) သိန်းကျော်နှင့် ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာများစိုက်ပျိုးလျက်ရှိပါကြောင်း၊ ဧရာဝတီပေါ်ဆန်း အရည်အသွေးပိုမိုကောင်းမွန်စေရေး၊ အထွက်နှုန်းများတိုးတက်စေရေးနှင့် Eating Quality ကောင်းမွန်စေရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်း စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရောက်ရှိရေး၊ သီးနှံစိုက်စွမ်းအားတိုးတက်ရေးအတွက် ကြိုးပမ်းနေစဉ်ကာလအတွင်း ယခုကဲ့သို့စိုက်ပျိုးရေးပညာရှင်များနှင့် တွေ့ဆုံခွင့်ရသည့်အချိန်တွင် တောင်သူများအနေဖြင့် စိုက်ပျိုးရေးနည်းပညာအခက်အခဲများကို မေးမြန်းဆွေးနွေးခွင့်ရသည့်အတွက် များစွာအကျိုးရှိသဖြင့် ဂုဏ်ယူဝမ်းသာရပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြုပ်စိုက်ဧကများအား ပြန်လည်ကုစားစိုက်ပျိုးနိုင်ရေးအတွက် နည်းလမ်းများရှာဖွေဆောင်ရွက်ခဲ့ပြီး မိုးစပါးစိုက်ရာသီအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် နိုင်ငံတော်၊ တိုင်းဒေသကြီးအစိုးအဖွဲ့နှင့် ဝယ်ယူကြိတ်ခွဲတင်ပို့သူ သွင်းအားစုအစုအဖွဲ့များကလည်း လိုအပ်သည့်မျိုးစပါးများအား တောင်သူများကိုထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း၊ တောင်သူများအနေဖြင့် ယခုကဲ့သို့ရရှိသည့် အခွင့်ကောင်းကို အသုံးချ၍ မိမိတို့၏စိုက်ပျိုးရေးနည်းပညာအခက်အခဲများကို စိုက်ပျိုးရေးပညာရှင်များအား မေးမြန်းဆွေးနွေးကြစေလိုကြောင်းနှင့် ပညာရှင်များကလည်း လိုအပ်သည့်နည်းပညာများပံ့ပိုးပေးခြင်း၊ ဆွေးနွေးခြင်းများကိုလည်း ဆောင်ရွက်သွားကြမှာဖြစ်ကြောင်း” အမှာစကားပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက “တိုင်းဒေသကြီးအတွင်းနည်းပညာကိုအခြေခံသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်မြင့်မားရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ယူဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်း၊ တောင်သူကြီးများအနေဖြင့်လည်းစိတ်ပါဝင်စားစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ မျိုး၊ မြေ၊ ရေ၊ နည်း စနစ်များအား မျှမျှတတ ဆောင်ရွက်၍ ထုတ်လုပ်မှုတန်ဖိုးကွင်းဆက်များ တိုးတက်မြင့်မားအောင်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပညာရှင်များနှင့် တောင်သူများချိတ်ဆက်ဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရေးကိုရည်ရွယ်၍ နည်းပညာနှီးနှောဖလှယ်ပွဲကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ပူးပေါင်း၍ ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်းနှင့် တောင်သူကြီးများ၏ တီထွင်ဆန်းစစ်မှုများကိုလည်း အထင်ကြီးလေးစားပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ပူးပေါင်း၍ ပေါ်ဆန်းဖိုရမ် ကျင်းပပြုလုပ်နိုင်ရေး တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လက်လှမ်းမီသုတေသနလုပ်ငန်းများကိုလည်း တောင်သူများသိရှိအောင် အသိပညာပေးဆောင်ရွက်မည်ဖြစ်ပါကြောင်း" ရှင်းလင်းပြောကြားပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက မြို့နယ်များအလိုက် တက်ရောက်လာသောတောင်သူများအား ရွက်ဖျန်းအားဆေးနှင့် ပိုးသတ်ဆေးများထောက်ပံ့ပေးအပ်ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စပါးသီးနှံဌာနခွဲ၊ ပဲမျိုးစုံသုတေသနဌာနစု၊ ဆီထွက်သီးနှံသုတေသနဌာနစု၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြေယာအသုံးချရေးဌာနခွဲ၊ သီးနှံကာကွယ်ရေးဌာနခွဲ၊ အပင်ရောဂါဌာနစုများမှ သီးနှံမျိုးပညာရှင်များ၊ မြေဆီလွှာပညာရှင်များ၊ သီးနှံကာကွယ်ရေး ပညာရှင်များက စပါး၊ ဆီထွက်သီးနှံ၊ ပဲမျိုးစုံစသည့် အထွက်တိုးသီးနှံမျိုးကောင်းမျိုးသန့်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ဆီထွက်ပဲပုပ်သီးနှံတိုးမြှင့်စိုက်ပျိုးထုတ်လုပ်ရေးကိစ္စရပ်များ၊ နေကြာသီးနှံအထူးအထွက်တိုးစေရန် ဆောင်ရွက်ရမည့်အချက်များ၊ ဘက်စုံသီးနှံအာဟာရဓါတ်စီမံခန့်ခွဲမှုနည်းလမ်းများ၊ မြေဆီလွှာယိုယွင်းမှုအပေါ် ကာကွယ်ထိန်းသိမ်းနည်းများ၊ ဂေဟစနစ် ပြန်လည်ကောင်းမွန်လာစေရေးအတွက် ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းနည်းများ၊ ပေါင်းမြက်ကာကွယ်နည်းလမ်းများ၊ ရွှေခရုအမိုင်နိုပြုလုပ်ပုံနည်းလမ်းများကိုလည်းကောင်း ဆွေးနွေးခဲ့ကြရာ တောင်သူကြီးများက စိတ်ပါဝင်စားစွာ နားထောင်ခဲ့ကြသည်။ ယင်းနောက် တောင်သူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ဒုတိယဝန်ကြီးနှင့် သုတေသီများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က နိဂုံးချုပ်စကားပြောကြားခဲ့ပါသည်။