တိုင်းဒေသကြီးဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့တက်ရောက်

ပုသိမ်       အောက်တိုဘာ      ၁၃

အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်က“ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို မြန်မာနိုင်ငံတွင်လည်း ၂၀၁၀ ခုနှစ်မှစတင်၍ နိုင်ငံတော်အဆင့်အခမ်းအနားများ စတင်ကျင်းပပြုလုပ်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၁၃ခုနှစ်မှ စတင်၍ ကျင်းပပြုလုပ်ခဲ့ရာ ယခုနှစ်သည် (၁၀)ကြိမ်မြောက်အဖြစ် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့်  ၂၀၂၄ ခုနှစ်အတွင်း တိုင်းဒေသကြီး၊ ပြည်နယ်အချို့တွင် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများ ရှိခဲ့ပါ​​ကြောင်း၊ နိုင်ငံတကာနှင့်အိမ်နီးချင်းနိုင်ငံများတွင်လည်း ယခုနှစ်တွင် ရေကြီးရေလျှံမှုများ အများအပြားကြုံတွေ့ရပြီး သေဆုံးခဲ့ရသူများ၊ ထိခိုက်ဒဏ်ရာရရှိခဲ့သူများ၊ အိုးအိမ်ဆုံးရှုံးခဲ့ရသူများနှင့် အဆောက်အဦများ၊ လမ်းတံတားများ၊ စိုက်ပျိုးမြေများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့ပါကြောင်း၊ ဘေးအန္တရာယ်ကို တုံ့ပြန်ဆောင်ရွက်သည့် အခါ ပထမဦးစွာထိခိုက်ဆုံးရှုံးမှုနည်းအောင်ဆောင်ရွက်ရခြင်းဖြစ်သည့် အတွက် ကြိုတင်ပြင်ဆင်သည့်အပိုင်းက ပိုအရေးကြီးပါကြောင်း၊ ယခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်ဖြစ်သည့် “ Empowering the next Genearation For a Resilient Future” အနာဂတ်မှာ ကြံ့ကြံ့ခံနိုင်ဖို့ မျိုးဆက်သစ်တို့ စွမ်းအားမြှင့်တင်စို့ ” အတိုင်း မိမိနိုင်ငံ၊ မိမိတိုင်းဒေသကြီးကို ဘေးအန္တရာယ်များမှ လျော့နည်းသက်သာစေရန် အားလုံး ပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်​ကြောင်း" တိုက်တွန်း အမှာစကားများ ပြောကြားသည်။

ဆက်လက်၍  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် အပြည်ပြည် ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်သို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ပေးပို့သော သဝဏ်လွှာ၊ ၂၀၂၄ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ (IDDRR)အထိမ်းအမှတ်ဗီဒီယိုနှင့် ပြဇာတ်ဗီဒီယိုပြသမှုများကို ကြည့်ရှုအားပေးခဲ့သည်။ထို့နောက် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ (IDDRR) အထိမ်းအမှတ်  အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများ၊ အထက်တန်းအဆင့်ပန်းချီပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများ၊  အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင်ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများ၊ အလယ်တန်းအဆင့်ပန်းချီပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊  မူလတန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများနှင့်  မူလတန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အဖြစ်ပြသထားသောပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

13-Oct-2024