တိုင်းဒေသကြီးဝန်ကြီးချုပ် ညောင်တုန်းမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသော မိုးစပါး၊ ငါးမွေးမြူရေးကန်များအတွက် မျိုးစပါး၊ သွင်းအားစုနှင့် ငါးသားပေါက်များ ထောက်ပံ့ပေးအပ်

ပုသိမ်     အောက်တိုဘာ    ၁၂

တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်တုန်းမြို့နယ်၊ ဇီးဖြူကျွန်းကျေးရွာအုပ်စု၊ မြန်မာဘီလီယံဂရု(ဖ်) ကုမ္ပဏီလိမိတက်တွင် ပြုလုပ်သည့် ညောင်တုန်းမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသော မိုးစပါး၊ ငါးမွေးမြူရေးကန်များအတွက် မျိုးစပါး၊ သွင်းအားစုနှင့် ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဇူလိုင်လနှင့် ဩဂုတ်လများတွင် မိုးအဆက်မပြတ် ရွာသွန်းခြင်းနှင့် မြစ်ရေကြီးမှုဖြစ်စဉ်များကြောင့် တောင်သူများ၏ စိုက်ဧကများရေကြီးနစ်မြုပ်ပျက်စီးမှုများ ရှိခဲ့ပါကြောင်း၊ထို့ကဲ့သို့ ရေကြီးနစ်မြုပ်စိုက်ဧကများအား ပြန်လည်ကုစားစိုက်ပျိုးနိုင်ရေးအတွက် နည်းလမ်းများရှာဖွေဆောင်ရွက်ခဲ့ပြီး မိုးစပါးစိုက်ရာသီအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေးဆောင်ရွက် လျက်ရှိပါကြောင်းနှင့် တိုင်းဒေသကြီးအစိုးအဖွဲ့အပြင် ဝယ်ယူကြိတ်ခွဲတင်ပို့သူ သွင်းအားစုအစုအဖွဲ့များကလည်း လိုအပ်သည့်မျိုးစပါးများအား တောင်သူများကိုထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း၊ ငါး‌မွေးတောင်သူများအတွက် ယခုကဲ့သို့ငါးသားပေါက်များ ထောက်ပံ့ပေးခြင်းများအပြင် လိုအပ်သည့် အခက်အခဲများကိုလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကူညီပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ တောင်သူများအနေဖြင့် မိမိတို့၏လိုအပ်ချက်များကို အဆင့်ဆင့်တင်ပြဆောင်ရွက်ကြရန်လိုပါကြောင်း” အမှာစကားပြောကြားသည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူးက မျိုးစပါး၊ သွင်းအားစု ထောက်ပံ့ပေးအပ်ရခြင်းနှင့်ပတ်သက်၍လည်းကောင်း၊ ငါးလုပ်ငန်းဦးစီးဌာန၊ တိုင်းဦးစီးမှူးက ငါးသားပေါက်ထောက်ပံ့ပေးအပ်ရခြင်းအားလည်းကောင်း ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က စိုက်ပျိုး၊ မွေးမြူရေးတောင်သူများထံသို့ မျိုးစပါး၊ သွင်းအားစုနှင့် ငါးသားပေါက်များထောက်ပံ့ပေးအပ်ခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသူ တောင်သူများကိုယ်စား ​ဒေသခံတောင်သူတစ်ဦးက ကျေးဇူးတင်စကားများ ပြောကြားခဲ့ကြောင်းသိရသည်။

12-Oct-2024