တိုင်းဒေသကြီးဝန်ကြီးချုပ် ညောင်တုန်းမြို့နယ်၊ ကုက္ကိုဝ ကျေးရွာကမ်းပြိုကာကွယ်ရေးလုပ်ငန်းခွင်သို့သွားရောက်ကြည့်ရှုစစ်ဆေး
ပုသိမ် အောက်တိုဘာ ၁၂
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ကုက္ကိုဝ ကျေးရွာကမ်းပြိုကာကွယ် ရေးလုပ်ငန်းခွင်သို့သွားရောက်ကြည့်ရှုစစ်ဆေး၍ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဘိုးပိုင်အခြေပြုကျောက်စီတမံ အလျား ၂၅၀ ပေ ဆောင်ရွက်နေမှုအခြေအနေနှင့် အမျိုးသားသာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဘိုးပိုင်အခြေပြုကျောက်စီတမံအလျား ၈၅၀ ပေ ဆောင်ရွက်မည့်အခြေအနေများအာရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရန်နှင့် အချိန်မီပြီးစီးအောင်ဆောင်ရွက်ရန်တို့်ကိုမှာကြားခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကုက္ကိုဝကျေးရွာအခြေခံပညာအလယ်တန်းကျောင်း (၈၀ပေ×၃၀ပေ)RCCသုံးထပ်ကျောင်းဆောင်သစ်ဆောက်လုပ်နေမှုအားကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်းပြီးစီးစေရေး၊ အရည်အသွေးပြည့်မီရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကုက္ကိုဝကျေးရွာ ရတနာသိပ္ပံကျောင်းတိုက်ဆရာတော်အားဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် ဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့ကာတိုင်းဒေသကြီးဝန်ကြီးချုပ်က “ ကုက္ကိုဝကျေးရွာ၏ ကျေးရွာကမ်းပြိုကာကွယ် ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား ဒေသခံပြည်သူများသိရှိနိုင်ရန် လာရောက်တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ ကုက္ကိုဝကျေးရွာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ၊ အမျိုးသားသာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေများဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ ကုက္ကိုဝကျေးရွာအလယ်တန်းကျောင်းအား အထက်တန်း ကျောင်းခွဲဖြစ်အောင်လည်း ဆက်လက်ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်၍ ကျောင်းသားအင်အားများစွာ ကျောင်းတက်ရောက်နိုင်ရန် ဆောင်ရွက်ရန်လိုပါကြောင်း၊ အလယ်တန်းကျောင်းမှအထက်တန်းကျောင်းခွဲအဖြစ်အဆင့်မြှင့်နိင်ရန်အတွက် ကျောင်းနေရွယ်ကလေးအားလုံးကျောင်းတက်ရောက်နိုင်ရေးနှင့်အတန်းစဥ်ကူးေပြောင်းရေးကိုအလေးထားဆောင်ရွက်ပေးရန်လိုပါကြောင်း၊ ဒေသခံပြည်သူများကလည်း မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တက်ညီလက်ညီကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း” အားပေးစကားများပြောကြားခဲ့သည်။
ဆက်လက်၍ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ကုက္ကိုဝကျေးရွာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ရေအောက်ပိုင်း မြစ်ကြမ်းပြင်ကာကွယ်ရေးအဖြစ် သဲအိတ်များအား နိုင်လွန်ပိုက်ဖြင့်ထုပ်၍ ချနေခြင်းအားကြည့်ရှုခဲ့ပါသည်။