တိုင်းဒေသကြီးဝန်ကြီးချုပ် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး(ဗဟိုအဆင့်) ပြိုင်ပွဲဝင် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြုအသင်းအား ပို့ဆောင်နှုတ်ဆက်
ပုသိမ် အောက်တိုဘာ ၁၂
(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်) ပြိုင်ပွဲသို့သွားရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု အသင်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်ရှေ့တွင် သွားရောက်တွေ့ဆုံ၍ အားပေးစကားများပြောကြားကာ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု အသင်းအုပ်ချုပ်နည်းပြများနှင့် တွေ့ဆုံခဲ့ပြီး ပညာရှင်များ၊ အကဲဖြတ်ဒိုင်များ၏ အကြံပြုသုံးသပ်ချက်များကို ကောင်းစွာနာယူမှတ်သား၍ လိုအပ်သည်များ ပြင်ဆင်ကြရန်၊ တစ်ဦးချင်းပြိုင်ပွဲများတွင် မိမိတို့၏ ပြိုင်ပွဲဝင်ဘာသာရပ်အားကျွမ်းကျင်ပိုင်နိုင်စွာ ယှဉ်ပြိုင်နိုင်ရေး၊ အဖွဲ့လိုက်ပြိုင်ပွဲများတွင် စည်းလုံးညီညွတ်မှု၊ အပေးအယူမျှတမှုရှိစေရေး၊ ပံ့ပိုးရေးအဖွဲ့များအနေဖြင့်လည်း မိမိတို့ပြိုင်ပွဲဝင်အတွက်အကောင်းဆုံးဖြစ်စေရေး ကြိုးစားဆောင်ရွက်ပေးကြရန်၊ သွားလာနေထိုင်စားသောက်မှုများ ဂရုတစိုက်ဆောင်ရွက်ရန်၊ ကျန်းမာရေးကိစ္စရပ်များကိုလည်း အထူးဂရုစိုက်ဆောင်ရွက်ရန်၊ မော်တော်ယာဉ်များကိုလည်းယာဉ်စည်းကမ်း လမ်းစည်းကမ်းများအတိုင်းမောင်းနှင်ရန်၊ အုပ်ချုပ်မှုယာဉ်များစနစ်တကျလိုက်ပါဆောင်ရွက်ရန်နှင့် တိုင်းဒေသကြီးဂုဏ်ဆောင် အောင်မြင်မှုရရှိစေရေးကြိုးစားကြရန်ပြောကြားခဲ့ပြီး ပြိုင်ပွဲဝင်တစ်ဦးချင်းအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်။