ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

ပုသိမ်         စက်တင်ဘာ        ၂၆

၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ခဲ့ရာ ဧရာဝတီ တိုင်းဒေသကြီး သန်းခေါင်းစာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြပြီး ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များက Video Conferencing ဖြင့်တက်ရောက်ခဲ့ကြသည်။

ဦးစွာ ဧရာဝတီတိုင်းဒေသကြီးသန်းခေါင်းစာရင်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က“၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းကို အောက်တိုဘာလ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ရာ (၄)ရက်သာလိုတော့ ပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူရာတွင် ဘာသာစကားအခက်အခဲ မရှိစေရေးအတွက် စေတနာရှင်လုပ်အားပေးတိုင်းရင်းသားများ၏ အကူအညီများကိုလည်း ရယူရန်လိုအပ်မည်ဖြစ်ပါ ကြောင်း၊ သန်းခေါင်းစာရင်းကောက်ယူနိုင်ရေးအတွက်  စာရင်းစစ်၊ စာရင်း ကောက်သင်တန်းကို နိုင်ငံတစ်ဝှမ်းဖွင့်လှစ်ပို့ချလျက်ရှိပါကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူခြင်းသည် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းနှင့် မူဝါဒများချမှတ်နိုင်ရန်အတွက် အရေးကြီးသောလူဦးရေနှင့် လူမှုစီးပွား ဆိုင်ရာအချက်အလက်များရရှိနိုင်မည့် တစ်ခုတည်းသော စီမံကိန်းဖြစ်၍  အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းနှင့်ပတ်သက်ပြီး ပြည်သူလူထုကျယ်ကျယ်ပြန့်ပြန့် သိရှိ စေရေးအတွက် ဆောင်ရွက်ရန်လိုအပ်မည့်အပြင် ၂၀၂၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေးအတွက်လည်း လိုအပ်သည်များကို ဝိုင်းဝန်းဆွေးနွေး ပေးကြစေလိုကြောင်း ” အမှာစကားများ ပြောကြားသည်။ 

ထို့နောက် ဧရာဝတီတိုင်းဒေသကြီးသန်းခေါင်းစာရင်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဒေသကြီးဦးစီးမှူးက သန်းခေါင်စာရင်းအကြောင်း သိကောင်းစရာ၊ သန်းခေါင်းစာရင်း၏ ဝိသေသလက္ခဏာများ၊ သန်းခေါင်စာရင်းအသုံးဝင်ပုံ၊ ရည်ရွယ်ချက်များနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ် လိုအပ်သည့် တိကျမှန်ကန်သော လူဦးရေအချက်အလက်များရရှိရန်အတွက် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းတွင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ် များအား ရှင်းလင်းဆွေးနွေးတင်ပြချက်များနှင့် အစည်းအဝေးသို့တက်ရောက်လာကြသူများ၏ အထွေထွေ ဆွေးနွေးတင်ပြချက်များအပေါ် ဧရာဝတီတိုင်းဒေသကြီးသန်းခေါင်းစာရင်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကိုဖြည့်စွက်ဆွေးနွေးခဲ့ပြီး ၂၀၂၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်တက္ကသိုလ်၊ ဓာတုဗေဒဌာနတွင်  ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း စာရင်းစစ်၊ စာရင်းကောက်သင်တန်းအား တာဝန်ရှိသူများက သင်တန်းပို့ချနေမှုများကို လှည့်လည်ကြည့်ရှုအားပေး ခဲ့ပြီး သင်တန်းမှပို့ချပေးသည့် သင်ခန်းစာများအား သေချာစွာမှတ်သားရန်၊ ကောင်းမွန်စွာ သဘောပေါက်နားလည်ရန်၊ မရှင်းလင်းသည်များကို တင်ပြဆွေးနွေးကြရန်နှင့် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများအောင်မြင်စွာဆောင်ရွက် နိုင်စေရေး ဝိုင်းဝန်းဆောင်ရွက်ကြရန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပုသိမ်တက္ကသိုလ်၊ ဓာတုဗေဒဌာန၊ တတိယနှစ်ဂုဏ်ထူးတန်းကျောင်းသားကျောင်းသူများနှင့် မဟာသိပ္ပံအရည်အချည်းစစ်ကျောင်းသားကျောင်းသူများ၏ စာတမ်းဖတ်ရှုနေမှုများအား ကြည့်ရှု အားပေးခဲ့ပြီး သိရှိလိုသည်များမေးမြန်းဆွေးနွေးခဲ့ကြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မိမိတို့ဌာန၊ မိမိတို့တိုင်းဒေသကြီးအတွက် အကျိုးပြုနိုင်မည့်စာတမ်းများပေါ်ထွက်လာနိုင်စေရေး ကြိုးစားဆောင်ရွက်ရန်မှာကြားခဲ့ပြီး ကျောင်းသားကျောင်းသူများ၊ ဆရာ၊ဆရာမများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံ ခဲ့ကြောင်းသိရသည်။

26-Sep-2024