ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့်ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

ပုသိမ် စက်တင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီးပညာရေးမှူးရုံး၊ အစည်းအဝေးခန်းမ(၁)၌ တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့်ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယခုကဲ့သို့ တိုင်း၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးများနှင့်တွေ့ဆုံခြင်းသည် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဆောင်ရွက်ထားသည့် အစီအမံများနှင့် တိုးတက်မှုလုပ်ငန်းအခြေအနေများအားသိရှိလို၍ ဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးနှင့် ဘာသာတွဲများအလိုက် ဘာသာစုံဂုဏ်ထူး ပိုမိုရရှိပြီး ထူးချွန်စွာအောင်မြင်စေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်နှစ်စမှပင် တွန်းအားပေးကြပ်မတ်လျက်ရှိပါကြောင်းနှင့် လာမည့်တက္ကသိုလ်ဝင်စာမေးပွဲတွင် မိမိတို့တိုင်းဒေသကြီးပိုမိုအောင်ချက်မြင့်မားရေးအတွက် တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများက ဝိုင်းဝန်း ဆွေးနွေးပေးကြရန်နှင့် လိုအပ်ချက်များကို အချိန်မီသိရှိဆောင်ရွက်ပေးနိုင်ရန်ဖြစ်ပါကြောင်း၊ ဘာသာရပ်သင်ဆရာ၊ ဆရာများအနေဖြင့် တက္ကသိုလ်ဝင် စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား အမှတ်ပေးစည်းမျဉ်းစည်းကမ်းနှင့်အညီ သင်ကြားပေးနိုင်ရေးကိုလည်း တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေး မှူးများက ကြပ်မတ်ဆောင်ရွက်ရန်လိုပါကြောင်းနှင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်မြင့်မားခဲ့သည့် ခရိုင်၊ မြို့နယ်၊ ကျောင်းများကိုနမူနာယူရမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက်လည်း တာဝန်ရှိသူများဝိုင်းဝန်းဆွေးနွေး အကြံပြုကြစေလို ကြောင်း”အမှာစကား ပြောကြားသည်။

ထို့နောက် ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်က တက္ကသိုလ်ဝင်စာပေးပွဲအောင်ချက်မြင့်မားရေး အတွက် တက္ကသိုလ်များတွင် ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲဆောင်ရွက်မည့် ကိစ္စရပ်များအား လည်းကောင်း၊ ခရိုင်ပညာရေးမှူးများက တက္ကသိုလ်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် အချိန်ပို သင်ကြားပေးနေမှုအခြေအနေများ၊ မိဘဆရာပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား စခန်းသွင်း လေ့ကျင့်နိုင်ရန် ဆောင်ရွက်နေမှုအခြေအနေများ၊ ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲများပြုလုပ် ဆွေးနွေး ပေးခဲ့မှုများအား ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပြီး ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

23-Sep-2024