ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ပူးပေါင်းကျင်းပသည့် ၂၀၂၄ခုနှစ်၊ ပုသိမ်၊ ဟင်္သာတ၊ မြောင်းမြ၊ မအူပင်နှင့်ဘိုကလေးမြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်းနည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
ပုသိမ် စက်တင်ဘာ ၂၃
ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ပူးပေါင်းကျင်းပသည့် ၂၀၂၄ခုနှစ်၊ ပုသိမ်၊ ဟင်္သာတ၊ မြောင်းမြ၊ မအူပင်နှင့်ဘိုကလေးမြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်း နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ စဉ်ဆက်ပညာရေး လုပ်ငန်းကြီးကြပ်မှုကော်မတီနာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့ကြသည်။
ဦးစွာ စဉ်ဆက်ပညာရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက“ နွေရာသီကျောင်းပိတ်ရက်မတိုင်မီတိုင်းဒေသကြီးအတွင်း ပထမ အကြိမ် pilot project အနေဖြင့်ပုသိမ်၊ ဟင်္သာတ၊ မြောင်းမြ၊ မအူပင်နှင့်ဘိုကလေးမြို့နယ်များ၌ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဆောင်ရွက်ခဲ့ပါကြောင်း၊ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း တွင်လည်း ကျေးလက်ဒေသနေပြည်သူများနှင့်တိုင်းရင်းသား ပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအဖြစ်စာသင်ဝိုင်း (၁၇၇၁)ဝိုင်း ဖွင့်လှစ်၍ စာသင်သား ပြည်သူပေါင်း (၂၅၀၁၆) ဦးတို့အား အခြေခံစာတတ်မြောက်စေခဲ့ပါကြောင်းနှင့် ၎င်းတို့မှရရှိသည့် ရလဒ်များကို အခြေခံ၍ စဉ်ဆက်ပညာရေးလုပ်ငန်းကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်ပါ ကြောင်း၊ စဉ်ဆက်ပညာရေးလုပ်ငန်း အောင်အောင်မြင်မြင်ဆောင်ရွက်နိုင်ရေးအတွက် အုပ်ချုပ်ရေး အဖွဲ့များက ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်းနှင့် နည်းပြများကလည်း ထိထိရောက်ရောက် သင်ကြားပေးရန် လိုအပ်ပါကြောင်း၊ စဉ်ဆက်ပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဦးတည်အုပ်စုနှင့်ကိုက်ညီသည့် စာသင်သားပြည်သူများ စာဖတ်ရှိန်မြှင့်တင်ပေးခြင်း၊ ဝင်ငွေတိုးပွားရေး အတွက် ချိတ်ဆက်ဆောင်ရွက်ပေးခြင်းနှင့် လူနေမှုဘဝမြင့်မားရေးတို့အတွက်ဘဝသာယာရေး အစီအစဉ်များ ပါဝင်သည့် အစီအစဉ် (၃) ရပ်ကို သင်ကြားပေးခြင်း၊ ချိတ်ဆက်ဆောင်ရွက်ပေးခြင်းနှင့် အသိပညာပေးခြင်းအစီအစဉ်များအား သင်တန်းတက်ရောက်လာကြသည့် စေတနာလုပ်အားပေး နည်းပြ၊ ကြီးကြပ်များမှတစ်ဆင့် ပညာရေးဌာနအပါအဝင် ဆက်စပ်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများက စာသင်သား ပြည်သူများအတွက် နားလည်လက်ခံနိုင်အောင် လိုတိုရှင်းသင်ကြားပေးခြင်း၊ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများကို ချိတ်ဆက်ဆောင်ရွက်ပေးခြင်းနှင့် အသိပညာပေးခြင်းတို့ကို အဓိက ဆောင်ရွက်ပေး သွားရန်လိုပါကြောင်းနှင့် သင်တန်းမှပို့ချချက်များ၊ ဆွေးနွေးချက်များ၊ သင်ကြားပေး ချက်များနှင့်အတူ စဉ်ဆက်ပညာရေးလုပ်ငန်း၏ သဘောသဘာဝများကို သေချာစွာလေ့လာမှတ်သား၍ စာသင်သားများအား အရိုးရှင်းဆုံးနည်းလမ်းများဖြင့်သင်ကြားပေးကြရန် အမှာစကားပြောကြားသည်။
ထို့နောက် စဉ်ဆက်ပညာရေးလုပ်ငန်းဗဟိုကြီးကြပ်မှုကော်မတီ တွဲဖက်အတွင်းရေးမှူး(၁)၊ ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ)က ကျောင်းပြင်ပ ပညာရေးဆိုင်ရာလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းသား၊ သင်တန်းသူများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ပုသိမ်၊ ဟင်္သာတ၊ မြောင်းမြ၊ မအူပင်နှင့်ဘိုကလေး မြို့နယ်များတွင် ဦးတည်အုပ်စုနှင့် ကိုက်ညီသည့် စာသင်သားပေါင်း (၄၉၆၁) ဦးကို ကနဦးစာရင်း ကောက်ယူရရှိထားပြီး၊ စာသင်ဝိုင်းအနေဖြင့် (၄၇၉) ဝိုင်းအဖြစ် စုဖွဲ့၍ အဆိုပါစာသင်ဝိုင်းများတွင် စေတနာလုပ်အားပေး နည်းပြ၊ ကြီးကြပ်ပေါင်း(၁၀၀၇) ဦးတို့က တစ်ရက်ပျမ်းမျှ (၃) နာရီနှုန်းဖြင့် ပျမ်းမျှနာရီပေါင်း (၂၇၀)၊ ရက်အားဖြင့် (၉၀) ကြာ စဉ်ဆက်ပညာရေးလုပ်ငန်း၏ အစီအစဉ် (၃) ရပ်ကို စာသင်သားပြည်သူ များအားသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။