တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း မြန်မာနိုင်ငံအတွင်း ရာဂီမုန်တိုင်းနှင့်ဆက်စပ်ဖြစ်ပွားသော ရေဘေးကြောင့် ဘေးသင့်ပြည်သူများအတွက် လိုအပ်သည့်ထောက်ပံ့မှုများဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအလှူငွေပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်
ပုသိမ် စက်တင်ဘာ ၂၁
မြန်မာနိုင်ငံအတွင်း ရာဂီမုန်တိုင်းနှင့်ဆက်စပ်ဖြစ်ပွားသော ရေဘေးကြောင့် ဘေးသင့်ပြည်သူများအတွက် လိုအပ်သည့်ထောက်ပံ့မှုများဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအလှူငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက“ “မြန်မာနိုင်ငံအတွင်း ရာဂီမုန်တိုင်းနှင့်ဆက်စပ်ဖြစ်ပွားသော ရေဘေးကြောင့် ဘေးသင့်ပြည်သူများအတွက် လိုအပ်သည့်ထောက်ပံ့မှုများဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအလှူငွေပေးအပ်ပွဲအခမ်းအနား ဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးတွင်ရာဂီမုန်တိုင်းမတိုင်မီ ဇူလိုင်လနှင့်ဩဂုတ်လများတွင် မိုးအဆက်မပြတ်ရွာသွန်းခြင်းနှင့် မြစ်ရေကြီးခြင်းဖြစ်စဉ်များကြောင့် စိုက်ဧကများရေကြီးနစ်မြုပ်ထိခိုက်ပျက်စီးခဲ့ရာ ပြန်လည်အစားထိုးစိုက်ပျိုးလျက်ရှိပါကြောင်း၊
မြစ်ရေကြီးမှုများနှင့် မြစ်ရေတိုက်စားမှုကြောင့် တာတမံများကျိုးပေါက်ခြင်းများမရှိစေရေး ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ မြန်မာပြည်အလယ်ပိုင်းသို့ဝင်ရောက်တိုက်ခတ်ခဲ့သည့် ရာဂီမုန်တိုင်းသည် သေဆုံး၊ ပျောက်ဆုံး၊ ဒဏ်ရာရမှုများနှင့် ပျက်စီးဆုံးရှုံးမှုများပြားခဲ့ပါကြောင်းနှင့် မိမိတို့တိုင်းဒေသကြီး၏ အထက်ပိုင်း မြန်အောင်ခရိုင်ရှိ နေရာအချို့တွင်လည်း ထိခိုက်မှုများရှိခဲ့ပါကြောင်း၊ သဘာဝဘေးဖြစ်လာပါက အားလုံးကတက်ညီလက်ညီပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်းနှင့် ယခုကဲ့သို့ဘေးသင့်ပြည်သူများအတွက် စေတနာသဒ္ဒါတရားထက်သန်စွာဖြင့် လှူဒါန်းပေးခဲ့သည့်အလှူရှင်များကိုလည်း ကျေးဇူးတင်ရှိပါကြောင်း”အမှာစကားပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးမိသားစုက ပေးအပ်လှူဒါန်းသည့်အလှူငွေများကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကလက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့သည်။ ဆက်လက်၍ စေတနာရှင် အလှူရှင်များ၊ ကုမ္ပဏီများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ အလှူငွေများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လုံခြုံရေးနယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီးတို့က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် မြန်မာနိုင်ငံအတွင်း ရာဂီမုန်တိုင်းနှင့်ဆက်စပ်ဖြစ်ပွားသော ရေဘေးကြောင့် ဘေးသင့်ပြည်သူများအတွက် လိုအပ်သည့်ထောက်ပံ့မှုများဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အလှူငွေ (၃၅၂၂)သိန်းကျော်ကို တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များက စေတနာထက်သန်စွာလှူဒါန်းခဲ့ကြကြောင်းသိရသည်။