ကညင်ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်း” တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်းခြင်းဆိုင်ရာ သဘောတူ(B.O.T)စာချုပ်လက်မှတ်ရေးထိုးခြင်းအခမ်းအနား
ပုသိမ် အောက်တိုဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကညင်ဟိုက်ဒရိုပါဝါကုမ္ပဏီလိမိတက်တို့အကြား“ ကညင်ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်း” တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်းခြင်းဆိုင်ရာ သဘောတူ (B.O.T)စာချုပ် လက်မှတ်ရေးထိုးခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကညင်ဟိုက်ဒရိုပါဝါကုမ္ပဏီလိမိတက်တို့အကြား“ ကညင်ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်း” တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်းခြင်းဆိုင်ရာ သဘောတူ(B.O.T)စာချုပ် လက်မှတ်ရေးထိုးနိုင်ခဲ့သည့်အတွက် တိုင်းဒေသကြီးအတွက် မင်္ဂလာရှိသည့်နေ့ဟုပြောရမည်ဖြစ်ပါကြောင်း၊ ကညင်ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းသည် ကညင် ရေလှောင်တမံမှ သိုလှောင်ထားသည့်ရေများကို အသုံးချကာ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ရာ မိုးရာသီတွင် ရေကိုလုံလောက်စွာဖြင့် အသုံးချထုတ်လုပ်နိုင်မည်ဖြစ်ပြီး နွေရာသီတွင် ဆည်ရေသောက်စိုက်ပျိုးမြေများအတွက်ပေးဝေသည့် ဆည်ရေကိုထိန်းသိမ်းအသုံးချထုတ်လုပ်ဆောင်ရွက်မည့် စီမံကိန်းဖြစ်သည့်အတွက် များစွာအကျိုးရှိသည့် စီမံကိန်းတစ်ခုဖြစ်ပါကြောင်း၊ ကုမ္ပဏီအနေဖြင့် ဆည်ရေကိုအသုံးချ၍ ရေအားလျှပ်စစ်ထုတ်လုပ်မည့်အပြင် ဆိုလာစနစ်ဖြင့်ပါ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပြီး မဟာဓာတ်အားလိုင်းသို့ ချိတ်ဆက်ပို့လွှတ်နိုင်ရေးဆက်လက်ဆောင်ရွက်မည်ဖြစ်၍ များစွာအကျိုးရှိမည်ဖြစ်ပါကြောင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအတွက် လိုအပ်သည့်လျှပ်စစ်ပမာဏကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း”အမှာစကားပြောကြားသည်။
ဆက်လက်၍ သယံဇာတရေးရာဝန်ကြီးနှင့် ကညင်ဟိုက်ဒရိုပါဝါကုမ္ပဏီလိမိတက်မှ တာဝန်ရှိသူတို့က ကုမ္ပဏီဆိုင်ရာအချက်အလက်များနှင့် စီမံကိန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကညင်ဟိုက်ဒရိုပါဝါကုမ္ပဏီလိမိတက်တို့အကြား“ ကညင်ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်း” တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်းခြင်းဆိုင်ရာ သဘောတူ (B.O.T)စာချုပ်အား တာဝန်ရှိသူများက လက်မှတ်ရေးထိုးခဲ့ကြသည်။