ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဖျာပုံမြို့၌ကျင်းပသည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနား အားတက်ရောက်
ပုသိမ် စက်တင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ နဝရတ်ခန်းမတွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းကကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် မုခ်ဉီးဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။ ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းကို မြမဉ္ဇူခန်းမတွင် ပြုလုပ်ရာ အ.ထ.က(၃) ကျောင်းမှ ကျောင်းသား/ ကျောင်းသူများက “ပညာဘဏ်တိုက်စာကြည့်တိုက်သို့ သွားကြစို့ “ သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် “နိုင်ငံအကျိုးအတွက် မှန်းမျှော်ရည် ခိုင်မာတိုးတက်စေရမည် “ ဗီဒီယိုပြသမှုကို ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို တိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်အသီးသီး၌ ကျင်းပလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း၌ ကျေးရွာစာကြည့်(၁၀)တိုက်အား နိုင်ငံတော်၏ ပံ့ပိုးမှု ကျေးရွာနေပြည်သူများ၏ ထည့်ဝင်လှူဒါန်းမှုများဖြင့် ဆောက်လုပ်လျက်ရှိသည့်အပြင်စာကြည့်တိုက် ၅ လုံးကိုလည်း ပြုပြင်ပေးလျက်ရှိပါကြောင်း၊ စာပေဖတ်ရှု့သည့်အလေ့အထများ ကျောင်းသားလူငယ်များထံသို့ ပြန့်ပွားစေရေးဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းတက်ရောက်စေရေးသည် အခြေခံပညာများသင်ကြားတတ် မြောနိုင်ရေးနှင့် စာပေဖတ်ရှုနိုင်မည့်အလေ့အကျင့်ကောင်းများရရှိလာကာ ထူးချွန်ထက်မြတ်သည့် လူငယ်လူရွယ်များဖြစ်လာမည်ဖြစ်ပါကြောင်း၊ လူငယ်များသည်နိုင်ငံတော်၏ အနာတ်များဖြစ်ပြီး နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းထမ်းဆောင်မည့် လူငယ်များသည် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များဖြစ်ရန်လိုအပ်ပါကြောင်း၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များဖြစ်ရန်၊ စာကြည့်တိုက်ယဉ်ကျေးမှုထွန်းကားလာစေရန်၊ စာကြည့်တိုက်များတွင် စာပေများသွားရောက်လေ့လာဖတ်ရှုစေနိုင်ရန်နှင့် အသိပညာဗဟုသုတများတိုးပွားစေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်၍ တက်ညီလက်ညီလိုက်ပါဆောင်ရွက်ကြရန်”အမှာစကားပြောကြားပြီး ဖျာပုံမြို့နယ်အတွင်းရှိ စာကြည့်တိုက်(၁၁)တိုက်အတွက် စာအုပ်စာစောင် (၂၉၇၆ )အုပ်အားအုပ်အားလည်းကောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖျော်ဖြေရေးအစီအစဉ်များတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျောင်းသားကျောင်းသူလေးများအား ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်းပေးအပ်ခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကျောင်းသား၊ ကျောင်းသူလေးများ၏ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုများ၊ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွင်း ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံဆက်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲများ ကျင်းပနေမှုများနှင့် မှတ်တမ်းဓာတ်ပုံများနှင့် ခင်းကျင်းပြသထားမှကို လှည့်လည်ကြည့်ရှု အားပေးခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့များအတွက် ချီးမြှင့်ငွေများထောက်ပံ့ပေးအပ်ခဲ့ပြီး သုတဘဏ် ကျောင်းစာကြည့်တိုက်အတွင်း ကျောင်းသားကျောင်းသူလေးများ၏ စာပေလေ့လာဖတ်ရှု နေမှုများကိုကြည့်ရှုအားပေးခဲ့ပြီး စာအုပ်စာပေများပြည့်စုံစွာ ဖြည့်ဆည်းပေးနိုင်ရေးမှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖျာပုံမြို့၊ သိရိအဏ္ဏဝါ ခန်းမ၌ပြုလုပ်သည့် ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းတွင် တာဝန်ရှိသူများက သင်တန်းပို့ချနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့ကာ သင်တန်းသားသင်တန်းသူများ၏ နေ့လည်စာစားသုံးနေမှုများကို ရင်းရင်းနှီးနှီးကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အိမ်မဲမြို့နယ်၊ ပွဲစားဂုံညှင်းတန်းကျေးရွာတွင် တောင်သူဦးနားဒါးကြား၏ ရေကြီးနစ်မြုပ်ထိခိုက်ပျက်စီးစိုက်ဧက(၄)ဧကတွင် ရက်(၉၀)စပါးမျိုးအား ကောက်စိုက်လုံမေများ၊ လက်ဆွဲကောက်စိုက်စက်၊ တိုက်ရိုက်အစေ့ချကိရိယာများဖြင့် စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးခဲ့ကာ ကောက်စိုက်လုံမေများအား စားသောက်ဖွယ်ရာများပေးအပ်ခဲ့ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်က တောင်သူများနှင့်တွေ့ဆုံ၍ မိုးစပါးစိုက်ဧကများထိခိုက် ပျက်စီးမှုအခြေအနေများ၊ ပြန်လည်ကုစားစိုက်ပျိုးနေမှုအခြေအနေများနှင့် မျိုးစပါးများ၊ သွင်းအားစုများထောက်ပံ့ပေးနေမှု အခြေအနေများအားဆွေးနွေးပြောကြားခဲ့ပြီး စိုက်ဧကများ ပြည့်မီစေရေး၊ အထွက်နှုန်းများ ထိခိုက်မှုမရှိစေရေး တောင်သူများ၊ ဌာနဆိုင်ရာများမှ ဝိုင်းဝန်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်းသိရသည်။