၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ပုသိမ်မြို့နယ် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်

ပုသိမ်             စက်တင်ဘာ       ၁၇

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်စုပေါင်းရုံးခန်းမ၌ ပြုလုပ်သည့် ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ပုသိမ်မြို့နယ် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးသန်းခေါင်းစာရင်းကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က “၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကို မကြာခင်ကောက်ယူတော့မည်ဖြစ်ပါကြောင်း၊  သန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူ နိုင်ရန် ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ကြီးကြပ်ကွပ်ကဲလမ်းညွှန်မှု၊ တိုင်းဒေသကြီး/ ပြည်နယ် သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီများ၊ သန်းခေါင်စာရင်းကော်မတီ အဆင့်ဆင့်တို့၏ ပူးပေါင်း ဆောင်ရွက်မှုနှင့်အတူ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အဓိက အကောင် အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်း ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို လွန်ခဲ့သည့်(၃) နှစ် ကတည်းကစတင်၍ အချိန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ နည်းပညာများ တိုးတက်လာသောကြောင့် ယခင်ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းများနှင့် မတူဘဲ နည်းပညာ အသုံးပြု စာရင်းကောက်ယူနိုင်ရေး ပြင်ဆင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယနေ့ဖွင့်လှစ်သည့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းကို နိုင်ငံတစ်ဝှမ်းတစ်ပြိုင်တည်း ဖွင့်လှစ်ခြင်းဖြစ်ပြီး ယခုလ (၂၈) ရက်နေ့အထိ (၁၀)ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်း သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် မူဝါဒများ ချမှတ်နိုင်ရန်အတွက် အရေးကြီးသော လူဦးရေနှင့် လူမှုစီးပွားဆိုင်ရာအချက်အလက်များ ရရှိနိုင်မည့် တစ်ခုတည်းသော စီမံကိန်းဖြစ်၍  အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သို့ပါ၍ သင်တန်းသား ဆရာ/ ဆရာမများအနေဖြင့် ပေးအပ်ထားသည့်တာဝန်များကို မိမိတို့၏အတွေ့အကြုံ၊ စွမ်းဆောင်နိုင်မှု အရည်အသွေး၊ စိတ်စေတနာကောင်းများနှင့်ပေါင်းစပ်ပြီး သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို အောင်မြင်အောင်ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း” အမှာစကားများပြောကြားသည်။ 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သန်းခေါင်စာရင်းကောက်ယူရာတွင် အသုံးပြုမည့် Tabletနှင့် ဆက်စပ်ပစ္စည်းများ၊ သင်တန်းလမ်းညွှန်စာအုပ်များကို သင်တန်းသားသင်တန်းသူများ ကိုယ်စား သင်တန်းသူတစ်ဦးအား ပေးအပ်ခဲ့ပြီးနောက်  စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။ ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ပုသိမ်မြို့နယ် အနေဖြင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းကို သင်တန်းသား/ သင်တန်းသူ (၃၀၇)ဦးဖြင့် ယနေ့(၁၇.၉.၂၀၂၄)ရက်နေ့မှစ၍ (၁၀)ရက်ကြာ ဖွင့်လှစ်ပို့ချသွားမှာ ဖြစ်ကြောင်း သိရသည်။

17-Sep-2024