ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

ပုသိမ်       စက်တင်ဘာ         ၁၆

ဧရာဝတီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ချုပ်ရေး အဖွဲ့များက Video Conferencing ဖြင့်တက်ရောက်ခဲ့ကြသည်။

ဦးစွာ ဧရာဝတီတိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဇူလိုင်လကုန်နှင့် ဩဂုတ်လအတွင်း ဧရာဝတီမြစ်ရေ၊ ချင်းတွင်းမြစ်ရေ ကြီးမှုဖြစ်စဉ်ဖြစ်ပွားသည်နှင့် ကြိုတင်ပြင်ဆင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဝန်ကြီးများအား ခရိုင်များအလိုက် တာဝန်ပေးကြပ်မတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့ပြင် မြစ်ရေကြီးမြင့်မှုနှင့် မိုးအဆက်မပြတ်ရွာသွန်းမှုတို့ကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး မိမိတို့ တိုင်းဒေသကြီးတွင် စိုက်ဧကများ ထိခိုက်ပျက်စီးမှုများ၊ လမ်းများပျက်စီးမှုများနှင့် စာသင်ကျောင်းများ ယာယီပိတ်ထားခဲ့ရပြီး ရေဘေးကာကွယ်ရေးလုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ မြစ်ရေကြီးမှု နှင့်ပတ်သက်၍လည်း ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ကြိုတင်ဆောင်ရွက်ခြင်းနှင့် ကမ်းပြိုကမ်းထိန်း လုပ်ငန်းများကိုလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့အပြင် သက်ဆိုင်ရာတာဝန်ရှိသူများကလည်း စစ်ဆေး ကြပ်မတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ မြစ်ရေကြီးခြင်း၊ မိုးအဆက်မပြတ်ရွာသွန်းခြင်းများကြောင့် ထိခိုက် ပျက်စီးခဲ့သည့်  စိုက်ဧကများတွင်ပြန်လည်အစားထိုး စိုက်ပျိုးခြင်းများကို နေ့ရက်အလိုက် တိုးတက် စိုက်ပျိုးနိုင်ရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး ရည်မှန်းချက်များအတိုင်းပြည့်မီစွာစိုက်ပျိုးနိုင်ရေး စဉ်ဆက်မပြတ် ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အဖွဲ့ဝင်များအနေဖြင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေအနေများနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက်ဆွေးနွေး ပေးကြရန်” အမှာစကားပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဦးစီးမှူးက ကော်မတီဖွဲ့စည်းထားရှိမှုများနှင့် လုပ်ငန်း ဆောင်ရွက်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များဥက္ကဋ္ဌများက ရေကြီးနစ်မြုပ်မှုကြောင့် စိုက်ဧကများထိခိုက်ပျက်စီးမှုများ၊ လမ်းများပျက်စီးမှုအခြေအနေများ၊ ထိခိုက်ပျက်စီးဧကများတွင် ပြန်လည်အစားထိုးစိုက်ပျိုးထားရှိမှုများ၊  စာသင်ကျောင်းများပြန်လည် ဖွင့်လှစ်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။  ယင်းနောက်အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကိုဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

16-Sep-2024