ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် နွားမေထုန်မဲ့သားစပ်သင်တန်းအမှတ်စဉ်(၂/၂၀၂၄) ဖွင့်ပွဲအခမ်းအနားတက်ရောက်
ပုသိမ် စက်တင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီးအတွင်း နို့စားနွားမွေးမြူရေးဖွံ့ဖြိုးတိုးတက်လာစေရန်၊ နို့နှင့်နို့ထွက် ပစ္စည်းများ ပိုမိုထုတ်လုပ်နိုင်စေရန်နှင့် နွားမျိုးကောင်းမျိုးသန့်များပွားများလာစေရန် ရည်ရွယ်၍ တိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် နွားမေထုန်မဲ့သားစပ်သင်တန်း အမှတ်စဉ်(၂/၂၀၂၄)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်စုပေါင်းရုံးခန်းမ၌ ပြုလုပ်ခဲ့ရာ သင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ၊ သင်တန်းသားများတက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “မိမိတို့တိုင်းဒေသကြီးတွင် စိုက်ပျိုးရေးစံပြတိုင်းဖြစ်ရေး ဆောင်ရွက်လျက်ရှိပြီး မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး အတွက် ပုသိမ်မြို့ကိုအခြေခံ၍ မွေးမြူရေးဇုန်များဖော်ထုတ်ပြီး နို့စားနွားမွေးမြူရေး ပိုမိုတိုးတက်လာစေရန်အတွက် စီမံဆောင်ရွက် လျက်ရှိပါကြောင်း၊ နို့စားနွားမွေးမြူခြင်းကို မိရိုးဖလာတစ်ပိုင်တစ်နိုင် မွေးမြူခြင်းသာမက စီးပွားဖြစ်မွေးမြူရေးအဖြစ် ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန် လိုပါကြောင်း၊ နို့နှင့်နို့ထွက်ပစ္စည်းများကို ပြည်ပမှနှစ်စဉ်မှာယူတင်သွင်းနေရသည့်အတွက် နို့စားနွားမွေးမြူရေး ပိုမိုတိုးတက်အောင် ဆောင်ရွက်ပြီး နို့နှင့်နို့ထွက်ပစ္စည်းများရရှိတိုးတက်ထုတ်လုပ်ခြင်း၊ တန်ဖိုးမြင့် ထုတ်ကုန်များ ထုတ်လုပ်ခြင်းဖြင့် ပြည်ပမှမှာယူတင်သွင်းမှုများ လျော့ကျမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးတွင် နွားမွေးမြူရေးပိုမိုတိုးတက်မွေးမြူလာရန်နှင့် နို့နှင့်နို့ထွက် ပစ္စည်းများပိုမိုထုတ်လုပ်နိုင်ရန်အတွက် ဌာနတွင်းကျွမ်းကျင်ဝန်ထမ်းများက တိရစ္ဆာန်ကျန်းမာရေးလုပ်သားများကို နွားမေထုန်မဲ့ သားစပ်ခြင်း ဆိုင်ရာ သင်တန်းများဖွင့်လှစ်သင်ကြား ပေးခြင်းဖြစ်ပါကြောင်း၊ သင်တန်းတွင်သင်ကြားပေးကြမည့် သင်တန်းနည်းပြများ အနေဖြင့် မိမိတို့သင်ကြားပေးရမည့် ဘာသာရပ်များကို သင်တန်းသား များအား စနစ်တကျ သင်ကြားပို့ချပေးကြရန်နှင့် သင်တန်းသားများ အနေဖြင့်လည်း ယခုသင်တန်းမှရရှိလာမည့် နွားမေထုန်မဲ့သားစပ်သင်တန်းဆိုင်ရာ အသိပညာများကို သင်တန်းတက်ရောက်နေစဉ်အတွင်းမှာ စိတ်ပါဝင်စားစွာ သင်ကြားကြရန်နှင့် သင်တန်းပြီးဆုံးသည့် အခါမှာလည်း မိမိတို့ဒေသမှာ နို့စားနွား မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးကြရန်လိုပါကြောင်း” အမှာစကားပြောကြားသည်။
ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက သင်တန်းဖွင့်လှစ် ရခြင်းရည်ရွယ်ချက်နှင့် အစီအမံများအားရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ နွားမေထုန်မဲ့သားစပ်သင်တန်းများကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း ပုသိမ်၊ ဟင်္သာတနှင့် မြောင်းမြခရိုင်တို့ကို အခြေပြု၍ သင်တန်း (၄) ကြိမ်ဖွင့်လှစ်မည်ဖြစ်ပြီး၊ သင်တန်းတစ်ကြိမ်လျှင် သင်တန်းသား (၂၀) ဦး မှ (၃၀) ဦး အထိသင်တန်းကာလ (၅) ရက်ဖြင့် စာတွေ့လက်တွေ့ အနီးကပ် သင်ကြားဖို့ချပေးသွားမည် ဖြစ်ကြောင်းသိရပြီးသင်တန်းသားများအနေဖြင့် သက်ဆိုင်ရာမြို့နယ်များတွင် ကွင်းဆင်း၍ နွားမေထုန်မဲ့ သားစပ်ကောင်ရေ အနည်းဆုံး (၁၀) ကောင် လက်တွေ့သားစပ်ပေးပြီးမှသာ နွားမေထုန်မဲ့သားစပ် လုပ်ကိုင်ခွင့်လက်မှတ်ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်သည့် ဒုရဲအုပ်လောင်းရေးဖြေစာမေးပွဲဖြေဆိုမှုများကို ကြည့်ရှု အားပေးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ကန်သုံးဆင့် ကန်ပတ်လမ်းနှင့် ကန်သုံးဆင့်ပန်းခြံတို့အား ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ပန်းခြံနှင့် ကန်ပတ်လမ်းတစ်လျောက် အမှိုက်များစနစ်တကျစွန့်ပစ်ရေး၊ မြက်ပင်များရှင်းလင်း စေရေး၊ ကန်သုံးဆင့်ပန်းခြံအတွင်း ပန်းအလှပင်များစနစ်တကျစိုက်ပျိုးရေး၊ စိမ်လမ်းစိုပြေနေစေရေး၊ ယခုလက်ရှိကန်ပတ်လမ်းအားတိုးချဲ့၍ ပြည်သူများစိတ်အေးချမ်းသာစွာဖြင့် အပန်းဖြေအနား ယူနိုင်ရန်နှင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများပြုလုပ်နိုင်ရေး၊ တိုးချဲ့လမ်းအားသဘာဝ ပတ်ဝန်းကျင်မထိခိုက်စေရေးအတွက် စွန့်ပစ်ပလက်စတစ်များအသုံးပြု၍ လမ်းခင်းတုံးများ ထုတ်လုပ်ကာ ခင်းကျင်းဆောင်ရွက်နိုင်ရေးမှာကြားခဲ့ ကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာပေါင်းမြို့နယ်၊ သဲဖြူကျေးရွာရှိ တောင်သူဦးမြင့်စိုး၏ ရေကြီးနစ်မြုပ်ထိခိုက်ပျက်စီးစိုက်ဧက(၅)ဧကတွင် ရက်(၉၀)စပါးမျိုးအား မျိုးစေ့ချကိရိယာဖြင့် ပြန်လည်စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီးနောက် ရေကြီးနစ်မြုပ် ထိခိုက်ဧကများအား ပြန်လည်စိုက်ပျိုးနိုင်မှုအခြေအနေများနှင့် မျိုးစပါးများ၊ သွင်းအားစုများ ထောက်ပံ့ပေးမှုအခြေအနေများနှင့် စိုက်ဧကများပြည့်မီစေရေး၊ အထွက်နှုန်းများထိခိုက်မှုမရှိစေရေး ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် ပုသိမ်-သာပေါင်းကားလမ်းဘေး၊ အောင်တပ်ကျေးရွာတွင်ပြုလုပ်သည့် ပိုက်ဆံလျှော် (သစ်စိမ်းမြေဩဇာ) မျိုးစေ့ထုတ်ရန်အတွက် ကြဲပက်ပွဲသို့ တက်ရောက်ခဲ့ပြီး တောင်သူများထံသို့ မျိုးစေ့များပေးအပ်ကာ တောင်သူများနှင့်အတူ မျိုးစေ့များကြဲပက်ပေးခဲ့သည်။ ယင်းနောက် ပုသိမ်မြို့နယ်၊ ကျောက်ချောင်းကြီးကျေးရွာ၊ တောင်သူဦးမျိုးသိန်းထူး၏ လယ်မြေ ၃၀ ဧကတွင် ပခန်းမျိုးစပါးအား ကောက်စိုက်သမများနှင့် စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ အားကစားနှင့်ကာယပညာ သိပ္ပံ(ပုသိမ်) မိုးလုံလေလုံအားကစားရုံ(၁၂၀'×၉၀') တည်ဆောက်ခြင်း လုပ်ငန်းခွင်အား သွားရောက်၍ အုတ်တံတိုင်းခြံစည်းရိုးကာရံခြင်းနှင့် မိုးလုံလေလုံအားကစားရုံ တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက် နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အရည်အသွေးပြည့်မီစေရေးနှင့် သတ်မှတ်ကာလအတွင်းပြီးစီး စေရေး မှာကြားခဲ့ကြောင်းသိရသည်။