ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြန်အောင်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင်ကျင်းပသည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကိုတက်ရောက်
ပုသိမ် စက်တင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကိုတက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ မုခ်ဉီးဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး၍ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။
ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းကို အစည်းအဝေးခန်းမတွင် ပြုလုပ်ရာ အ.ထ.က(၂)မှ ကျောင်းသား/သူလေးများက“ထိန်းသိမ်းစို့လေ စာပေအမွေ” သီချင်းဖြင့် သီဆို၍ အခမ်းအနားစတင်ဖွင့်လှစ်ခဲ့ပြီးနောက် နိုင်ငံအကျိုးအတွက်မှန်းမျှော်ရည် ခိုင်မာတိုးတက်စေရမည်စာဖတ်ရှိန်မြှင့်တင်ရေးမှတ်တမ်းဗွီဒီယို ပြသမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များကကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို ခရိုင်၊ မြို့နယ်အသီး၌ စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက်ဖြင့် ကျင်းပလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများထောင်ချီပါဝင်ဆင်နွှဲခဲ့ပြီး ပိုမိုစည်ကားလာသည်ကိုတွေ့ရပါကြောင်း၊ တိုင်းဒေသကြီးသည် ပညာရေးနှင့်ပတ်သက်ပါက အခြေခံပညာ ကျောင်းဖွင့်လှစ်မှုအများဆုံး၊ ကျောင်းတက်ရောက်မှုအများဆုံးနှနှင့် အောင်ချက်မြင့်မားသောတိုင်းဒေသကြီးဖြစ်ပြီး လူ့စွမ်းအားအရင်းအမြစ်များစွာ မွေးထုတ်ပေးသည့်တိုင်းဒေသကြီးလည်းဖြစ်ပါကြောင်း၊ မြန်အောင်ခရိုင်သည် တက္ကသိုလ်စာမေးပွဲအောင်ချက်မြင့်မားသောခရိုင်တစ်ခုဖြစ်ပြီး ထူးချွန်သည့်ကျောင်းသားကျောင်းသူများ မွေးထုတ်ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ကျောင်းမနေခဲ့ဘူးသူများ မူလတန်းပညာပြီးဆုံးအောင်မသင်ခဲ့ရသည့် အသက်၁၅နှစ်နှင့်အထက် ဒေသခံပြည်သူများအား နွေရာသီကျောင်းပိတ်ရက်ကာလတွင်စာသင်ဝိုင်း (၁၇၇၁) ဝိုင်း ဖွင့်လှစ်၍ စာသင်သားပြည်သူပေါင်း(၂၅၀၁၆) ဦးတို့အား အခြေခံစာတတ်မြောက်စေခဲ့ပါကြောင်းနှင့် ပုသိမ်၊ ဟင်္သာတ၊ မြောင်းမြ၊ မအူပင်၊ ဘိုကလေးမြို့နယ်များ၌ စဉ်ဆက်ပညာရေးအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနား အောင်မြင်အောင်ဝိုင်းဝန်းပံ့ပိုးပေးကြသည့် ဒေသခံပြည်သူများကိုလည်း ကျေးဇူးတင်ရှိပါကြောင်းနှင့် လူငယ်များသည် နိုင်ငံ၏အနာဂတ်များဖြစ်၍ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်အောင်ကြိုးစားသွားကြစေလိုကြောင်း” အမှာစကားများပြောကြားပြီး မြန်အောင်မြို့နယ်အတွင်းရှိစာကြည့်တိုက်( ၉ )တိုက်အတွက်အလှူငွေများနှင့် စာအုပ်စာစောင်(၂၂၃၂)အုပ်အားလည်းကောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖျော်ဖြေရေးအစီအစဉ်များတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျောင်းသားကျောင်းသူလေးများအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ငွေများကိုလည်းပေးအပ်ချီးမြှင့်ခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် ကျောင်းသား၊ ကျောင်းသူလေးများ၏ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုများ၊ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ပြသထားသည့် ပြခန်းများနှင့် ပြိုင်ပွဲများကျင်းပနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ခရိုင်အဆင့်နည်းပြသင်တန်းသားများက မြန်အောင်မြို့၊ အမှတ် (၄)ရပ်ကွက်၊ သဘာဝမီးစက်လမ်းရှိ ပြည်သူများ၏ နေအိမ်များ၌ လက်တွေ့စမ်းသပ်သန်းခေါင်းစာရင်းကောက်ယူနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး စာရင်းများမှန်ကန်မြန်ဆန်စွာကောက်ယူနိုင်ရေး၊ အမှားအယွင်းမရှိစေရေးနှင့် သင်တန်းမှပို့ချပေးမှုများနှင့်လက်တွေ့ကောက်ယူမှုအခြေအနေများတွင် လိုအပ်သည်များတင်ပြေစေရေးမှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်မြို့၊ မကျီးစုတာ၊ တာမိုင်(၆)မိုင်(၃)ဖာလုံနှင့် လွန် ဆေးပန်းခြံ၊ တာမိုင်(၇)မိုင်ကြား တာကြံ့ခိုင်မှုအခြေအနေများ၊ မြစ်ရေတိုက်စားမှုအခြေအနေများ၊ ကမ်းပြိုကာကွယ်ရေးဆောင်ရွက်ထားရှိမှုအခြေအနေများကိုကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက တာကြံ့ခိုင်ရေးနှင့် ကမ်းပြိုကာကွယ်ရေးဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဘဏ္ဍာနှစ်အလိုက် ကမ်းထိန်းလုပ်ငန်းများဆက်လက်ေဆာင်ရွက်မည့်အခြေအနေများ ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ခရိုင်၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီများ၊ ဌာနဆိုင်ရာများ၊ တောင်သူများနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ မြစ်ရေကြီးမှုဖြစ်စဉ်များ၊ မိုးအဆက်မပြတ်ရွာသွန်းမှု ဖြစ်စဉ်များကြောင့် တိုင်းဒေသကြီးအတွင်း၌ ရေကြီးနစ်မြုပ်ခဲ့သည့် စိုက်ဧကများတွင်မိုးစပါး ပြန်လည်ဖြည့်တင်းစိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးလုပ်မှုတိုးတက်မြင့်မားရေး လုပ်ငန်း ကြီးကြပ်မှု ကော်မတီဝင်များအနေဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများကိုလည်း တင်ပြကြရမည်ဖြစ်ပါကြောင်း၊ ပျက်စီးစိုက်ဧက များတွင် အမြန်ပြန်လည်စိုက်ပျိုးနိုင်ရေးနှင့် အောင်ရေရရှိရေးအတွက် ဆောင်ရွက် သွားမည့် အစီအစဉ်များကိုလည်း တင်ပြကြရမည်ဖြစ်ပါကြောင်း၊ ရေကြီးနစ်မြုပ်စိုက်ဧကများသည် မြန်အောင်ခရိုင်နှင့် ကျုံပျော်ခရိုင်သည် အများဆုံးဖြစ်ပါကြောင်းနှင့် ထိခိုက်ပျက်စီးဧကများအား စိုက်ဧကများပြည့်မီရေးနှင့် အထွက်နှုန်းများထိခိုက်မှုမရှိစေရေး ဆောင်ရွက်ကြရန်လိုပါကြောင်း၊ အစိုးရအဖွဲ့အနေဖြင့်လည်း မျိုးစပါးများ၊ သွင်းအားစုများ နှင့်လိုအပ်သည်များထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဆီဖူလုံရေးနှင့်ပတ်သက်၍ တိုင်းဒေသကြီးအတွင်း ဆီဇုန်နှစ်ဇုန်သတ်မှတ်ဆောင်ရွက်ရာတွင် မြန်အောင်ခရိုင်သည်လည်းပါဝင်သဖြင့် ဆီထွက်သီးနှံစိုက်ဧကများ တိုးတက်စိုက်ပျိုးရေးနှင့် အထွက်နှုန်းများတိုးတက်စေရေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ရေကြီးနစ်မြုပ်ပျက်စီး စိုက်ဧကများတွင် မိုးစပါးကုစားပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် သက်ဆိုင်ရာ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီဝင်များက ကွင်းဆင်းကြီးကြပ်၍ ဆောင်ရွက်ရမည်များကို အလေးထားဆောင်ရွက်ရမည်ဖြစ်ပါကြောင်းနှင့် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်စေရေး ဝိုင်းဝန်းဆွေးနွေးပေးကြရန်လိုပါကြောင်း” အမှာစကားပြောကြားသည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက မိုးသီးနှံများထိခိုက်ပျက်စီးမှုအပေါ် ပြန်လည်ကုစား အစားထိုးဆောင်ရွက်နေမှု၊ ဆီထွက်သီးနှံ စိုက်ပျိုးမှုအခြေအနေများနှင့် ခရိုင်၊ မြို့နယ် ခရိုင်၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီဥက္ကများနှင့် မြေစာရင်းဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တိုင်းဦးစီးမှူးတို့၏ အထွေထွေဆွေးနွေး တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။