တိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ပဉ္စမအကြိမ်မြောက်အမျိုးသားအားကစားပွဲတော်သို့ဝင်ရောက်ယှဉ်ပြိုင်မည့် ဘိလိယက်နှင့်စနူကာ၊ ကြက်တောင် နှင့်လှံတံ၊ သံလုံး၊ သံပြားပစ်ပြိုင်ပွဲ အခမ်းအနားအားတက်ရောင်ဖွင့်လှစ်

ပုသိမ်  စက်တင်ဘာ  ၁၃

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဘိလိယက်နှင့်စနူကာ၊ ကြက်တောင်နှင့်လှံတံ၊ သံလုံး၊ သံပြားပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည်  တာဝန်ရှိသူများနှင့်အတူတက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်ကို အားကစားနည်း (၂၃)နည်းဖြင့်ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးမှ အားကစားနည်းအားလုံးကို ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည့်အတွက် အကြိုလူရွေးပြိုင်ပွဲများကျင်းပပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲမှတစ်ဆင့် အလားအလာရှိသည့် အားကစားသမားကောင်းများရွေးချယ် ယှဉ်ပြိုင်စေမှာ ဖြစ်ပြီး အမျိုးသားအားကစားပွဲတော်တွင် ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ရသင့်ရထိုက်သည့် အဆင့်ကို ရရှိရန် အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်ကစားကြရန်လိုပါကြောင်း၊ ပြေးခုန်ပစ်အားကစားနည်းသည် ဆုတံဆိပ်များ များစွာရှိနိုင်သည့်အားကစားနည်းဖြစ်၍ အားကစားနည်းအားလုံးတွင် ပါဝင်ယှဉ်ပြိုင် နိုင်ရေး စနစ်တကျရွေးချယ်ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ ဘိလိယက်နှင့် စနူကာပြိုင်ပွဲသည် တိုင်းဒေသကြီးအတွက်အားထားရသည့် အားကစားနည်းဖြစ်ပါကြောင်း၊ အလားတူ ကြက်တောင် အားကစားတွင် ကြက်တောင်အားကစားရုံများ၊ ကလပ်အသင်းများမှ အားကစားသမားများကိုလည်း ရွေးချယ်ပြီး စခန်းသွင်းလေ့ကျင့်သွားရမည် ဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်များအနေဖြင့် အားကစား နည်းများအလိုက်  တိုင်းဒေသကြီးဂုဏ်ဆောင် အားကစားသမားများ ဖြစ်ကြပါစေကြောင်း” တိုက်တွန်းပြောကြားပြီး ဘိလိယက်နှင့် စနူကာ၊ ကြက်တောင်နှင့် လှံတံ၊ သံလုံး၊ သံပြားပစ် ပြိုင်ပွဲအားဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်အား စစ်ကြောင်းမှူးဦးဆောင်သည့် ပြိုင်ပွဲဝင်အသင်း များက အလေးပြုခြင်းနှင့် အားကစားသစ္စာအဓိဌာန် (၄)ချက်အား ရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ကြပြီးနောက် ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် ကိုးသိန်းအားကစားခန်းမ၌ကျင်းပသည့် အမျိုးသားတစ်ဦးချင်း ကြက်တောင်ရိုက်ပြိုင်ပွဲ၊ ဘိလိယက်နှင့် စနူကာအားကစားခန်းမ၌ ကျင်းပသည့် ပုသိမ်ခရိုင်နှင့် လပွတ္တာခရိုင်တို့၏ ဘိလိယက်ပြိုင်ပွဲအား လည်းကောင်း၊ ကိုးသိန်းဘောလုံးကွင်းတွင်ပြုလုပ်သည့် အမျိုးသားသံလုံးပစ်ပြိုင်ပွဲနှင့် အမျိုးသမီးသံပြားပစ် ပြိုင်ပွဲအားလည်းကောင်း၊ လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ပဉ္စမအကြိမ်မြောက် အမျိုးသား အားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဘိလိယက်နှင့်စနူကာ၊ ကြက်တောင်နှင့်လှံတံ၊ သံလုံး၊ သံပြားပစ်ပြိုင်ပွဲကို ယနေ့မှစ၍ ၁၈.၉.၂၀၂၄ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်းသိရသည်။ ဆက်လက်၍ တိုင်းဒေသကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်း၌ ကျင်းပသည့် (၁၂)ကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ဖြေဆိုနေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

13-Sep-2024