ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း စဉ်ဆက်ပညာရေးလုပ်ငန်းစီမံချက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

ပုသိမ်  စက်တင်ဘာ  ၁၂

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပုသိမ်၊ ဟင်္သာတ၊ မြောင်းမြ၊ မအူပင်၊ ဘိုကလေးမြို့နယ်များ၌ စဉ်ဆက်ပညာရေးအကောင်အထည်ဖော်ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ရာ ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ)က အခြေခံစာတတ်မြောက်ရေး လုပ်ငန်းသင်ကြားခဲ့သူများ၊ ငယ်စဉ်က မူလတန်းပညာအဆင့်သာပြီးဆုံးခဲ့သူများနှင့် မူလတန်း ပညာမပြီးဆုံးခဲ့သော အသက်(၁၅)နှစ်နှင့်အထက်ပြည်သူများအား စာသင်သားဦးတည်အုပ်စု များအဖြစ် စုစည်း၍ စာရင်းကောက်ယူခြင်း၊ စီမံချက်ပါလျာထားဦးရေဖြင့် စာသင်ဝိုင်းများအဖြစ်စုဖွဲ့၍ စာဖတ်ရှိန်မြှင့်တင်ပေးခြင်း၊ ဝင်ငွေတိုးပွားရေးအတွက် ဆက်စပ်ဌာနများအဖွဲ့အစည်းများဖြင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်းနှင့် ဘဝသာယာရေးအစီအစဉ်များအတွက် အသိပညာပေးခြင်း စသည့်အစီအစဉ် (၃) ခုတို့ကို ဆောင်ရွက်ပေးနိုင်ရန် သက်ဆိုင်ရာဒေသများအတွင်းရှိ အခြေခံပညာ အထက်တန်းသင်ယူဖူးသူ၊ အထက်တန်းအောင်နှင့် ဘွဲ့တစ်ခုခုရရှိထားသူ ရပ်ရွာရှိလူမှုရေးအဖွဲ့အစည်းများ၊ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ပရဟိတအဖွဲ့များနှင့် စေတနာရှင်ပြည်သူများ၏ စေတနာ လုပ်အားတို့ဖြင့် (၁) ရက်ပျမ်းမျှ (၃) နာရီ၊ နာရီအားဖြင့် (၂၇၀)၊ ရက်အားဖြင့် (၉၀) ကြာ သင်ကြားပေးမည့်အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က “ အခြေခံ စာတတ်မြောက်ရေးလုပ်ငန်းသင်ကြားခဲ့သူများ၊ ငယ်စဉ်ကမူလတန်းပညာအဆင့်သာပြီးဆုံးခဲ့သူများ နှင့်မူလတန်းပညာမပြီးဆုံးခဲ့သောအသက်(၁၅)နှစ်နှင့် အထက်ပြည်သူများအတွက်၎င်းတို့၏လိုအပ်ချက် သို့မဟုတ် ဆန္ဒအရပညာရေးအခွင့်အလမ်းများဖန်တီးပေးသည့်အစီအစဉ်တွင် စနစ်တကျရွေးချယ် ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ အုပ်ချုပ်ရေးအဖွဲ့များကလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကျရန်နှင့် အသင့်တော်ဆုံးနေရာများကိုရွေးချယ်ကျရန်၊ ယခင်ဆောင်ရွက်ခဲ့သည့်အတွေ့အကြုံများအရ အောင်မြင်အောင်ဆောင်ရွက်ရန်” ဖြည့်စွက်ဆွေးနွေးခဲ့ပြီး တင်ပြချက်များအပေါ်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

12-Sep-2024