ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ရေကြီးနစ်မြုပ်ထိခိုက်ပျက်စီးစိုက်ဧကတွင် မိုးစပါးပြန်လည်စိုက်ပျိုးနေမှုများကိုကြည့်ရှုအားပေး

ပုသိမ်   စက်တင်ဘာ  ၁၂

ဧရာဝတီတိုင်းဒေသကြီးတွင် ရေကြီးနစ်မြုပ်ထိခိုက်ပျက်စီးစိုက်ဧကများအား စိုက်ဧကများ ပြည့်မီရေးနှင့် အချိန်မီစိုက်ပျိုးနိုင်ရေးဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း နှင့်အဖွဲ့သည်  ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့နယ်၊ ရွှေမြင်တင်ကျေးရွာရှိ တောင်သူဦးအေးကြူ၏ ရေကြီးနစ်မြုပ်ထိခိုက်ပျက်စီးစိုက်ဧက(၅)ဧကတွင် ဆင်းသုခစပါးမျိုးအား ကောက်စိုက်လုံမေများဖြင့် စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က  တောင်သူများနှင့်တွေ့ဆုံ၍ ပုသိမ်မြို့နယ်အတွင်း ရေကြီးနစ်မြုပ်ပျက်စီးဧက(၆၃၈၇)ဧကဖြစ်ပြီး ပြန်လည်စိုက်ပျိုးပြီးဧက (၂၄၆၉)ဧကဖြစ်ပါကြောင်း၊ မိုးစပါးစိုက်ဧကများ ထိခိုက်ပျက်စီးမှုအခြေအနေများ၊ ပြန်လည်ကုစား စိုက်ပျိုးနေမှုအခြေအနေများနှင့် မျိုးစပါးများ၊ သွင်းအားစုများထောက်ပံ့ပေးနေမှု အခြေအနေများ၊ သီးထပ်စိုက်ပျိုးနိုင်ရေးနှင့် အောင်ရေရရှိရေးကိစ္စရပ်များကို ဆွေးနွေးပြောကြားကာ စိုက်ဧကများ ပြည့်မီစေရေး၊ အထွက်နှုန်းများ ထိခိုက်မှုမရှိစေရေး တောင်သူများ၊ ဌာနဆိုင်ရာများမှ ဝိုင်းဝန်းဆောင်ရွက်ကြရန်မှာကြားခဲ့ပြီး ကောက်စိုက်လုံမေများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

12-Sep-2024